မေလ ၃ရက်၊ ၂၀၁၂ခုနှစ်၊ (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဈေးကြီး အနောက်ဘက်ခြမ်းရှိ S.D Fashion ကုမ္ပဏီလီမိတက် ချန်ပီယံ သိုးမွှေးအထည်စက်ရုံမှ မြန်မာအလုပ် သမား (၅၀၀)ကျော်သည် လုပ်အားခ တိုးမြှင့်ပေးရန် ယမန်နေ့ နံနက်ပိုင်းမှ ယနေ့အထိ အလုပ်ရှင်အား တောင်းဆို ဆန္ဒပြခဲ့ကြသည်။
၎င်းအလုပ်သမားများအနေဖြင့် ထိုက်တန်သည့် လုပ်အားခတိုးမြှင့်ပေးရန် တောင်းဆိုရာတွင် အလုပ်ရှင်ဘက်က မလိုက်လျောသည့်အ ပေါ် ယခုလို ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ အလုပ်သမား ကိုလှဌေးက ပြောသည်။
၎င်းက “ကျနော်တို့တောင်းဆိုတာက ရန်မကင်းရုံဈေးအတိုင်း ၁၅၅ဘတ် တိုးပေးပေါ့နော်။ မနက် ၈နာရီကနေ ညနေ ၅နာရီအထိ။ ကပ် နိုက်ကြေး ၂၀၊ ပြီးတော့ အိုဒီ(အချိန်ပို) ၁နာရီ ၃၀ပေးဖို့ပေါ့နော်။ ကောင်းကောင်းမွန်မွန်ပဲ ကျနော်တောင်းဆိုတယ်။ သူတို့က ၁၅ဘတ်ပဲ တိုးပေးမယ်။ ၇၅ဘတ်ရရင် ၉၀၊ ၈ဝရရင် ၉၅ဘတ်ပဲ တိုးပေးနိုင်တယ်။ လုပ်ရင်လုပ် မလုပ်ရင်ထွက်ပေါ့နော်။ ဘယ်လိုမှ ညှိလို့မရဘူး။ နောက်ဆုံးအခြေအနေထိ ရှိနေပြီးပေါ့နော်။ အခု ဆဝါဒီကန်(အလုပ်သမား ကူညီစောင့်ရှောက်ရေး)နဲ့ ညှိခိုင်းထားတယ်”ဟု ပြောသည်။
၎င်းဆန္ဒပြမှုကို ယနေ့ ညနေ ၃နာရီခွဲအချိန်ထိ မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်ပေးနေသည့် မည်သည့်အလုပ်သမားအဖွဲ့အ စည်းမှ ဝင်ရောက်ညှိနှိုင်းပေးခြင်းမရှိသေးသကဲ့သို့ ထိုင်းအာဏာပိုင်များဘက်ကလည်း တစုံတရာ ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်ခြင်း မရှိသေးကြောင်းလည်း ဆန္ဒပြသူ အလုပ်သမားများက ပြောသည်။
မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှား မှုကော်မတီ” (Joint Action Committee for Burma Affairs) ဥက္ကဌ ဦးမိုးကြိုးက ယခုဆန္ဒပြကြ သူ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်များမှာ ရှင်းလင်းမှုမရှိသည့်အပေါ် အကြံပြုမှုများ ပြုလုပ်ပေးထားကြောင်း ပြောသည်။
၎င်းက “တောင်းဆိုမှုက ရှင်းရှင်းလင်းလင်းရှိရမယ်။ ၇ချက်ဆို ၇ချက်။ ၁၂ချက်ဆို ၁၂ချက် တိတိကျကျလုပ်ပြီးတော့ အလုပ်သမား ကိုယ် စားလှယ် ၇ယောက်ရွေးခိုင်းထား၊ ၇ယောက်လုံးသွားစရာမလိုဘူး။ ၃ယောက်လောက်ဆိုရပြီး ထိုင်းဥပဒေအရ။ ဒါပေမယ့် သူတို့အထဲမှာ ကိုက ရှုတ်ထွေးမှုရှိတယ်။ တောင်းချင်တာ လူမှုရေးကိစ္စတွေလည်း ပါတယ်။ စနစ်တကျ တက်လှမ်းဖို့ အကြံဉာဏ် ပေးထားပါတယ်”ဟု ပြောသည်။
ယင်းချန်ပီယံ သိုးမွှေးအထည်စက်ရုံတွင် မြန်မာအလုပ်သမား ၅၀၀ကျော် အလုပ်လုပ်ကိုင်လျှက်ရှိပြီး တရက်ကို လုပ်အားခ ၇၅ဘတ်မှ ၈ဝဘတ်အထိ ရရှိကြသည်။
မဲဆောက်မြို့တွင် တရားဝင် အလုပ်ရုံ၊ စက်ရုံပေါင်း ၂၈ဝခန့်ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၂သိန်းနီးပါး အလုပ်လုပ်ကိုင်လျှက်ရှိပြီး မဲဆောက် အပါအဝင် တာ့ခ်ခရိုင်ရှိ ၉မြို့နယ်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက တနေ့တာလုပ်အားခ ၂၂၆ဘတ် သတ်မှတ်ထား သော်လည်း စက်ရုံအလုပ်ရုံအများစုမှ အလုပ်ရှင်များမှာ ဘတ် ၁၀၀အောက်သာ ပေးကြကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက် နေသူများက ပြောဆိုနေကြသည်။


















