Home သတင်း ထိုင်းအစိုးရ လက်မခံသဖြင့် ဒုက္ခသည်များ UN ကဒ်ပြုလုပ်ရန် ခက်ခဲ‌နေ

ထိုင်းအစိုးရ လက်မခံသဖြင့် ဒုက္ခသည်များ UN ကဒ်ပြုလုပ်ရန် ခက်ခဲ‌နေ

2290
‌မေလ ၁၇ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအား UN မှတ်ပုံတင်ကဒ် ရိုက် ‌ပေးရန် ဆန္ဒရှိ‌သော်လည်း ထိုင်းအစိုးရက လက်ခံမှုမရှိ‌သေးသည့်အ‌ပေါ် အခက်အခဲရှိ‌ကြောင်း ထိုင်းနိုင်ငံ၊ မဲ‌ဆောက်အ‌ခြေစိုက် UN ရုံးမှ ဒုက္ခသည်များအား ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌မေလ ၁၆ရက်‌နေ့က UNHCR အဖွဲ့ဝင်နှစ်ဦးသည် အုန်းဖျန်ဒုက္ခသည်စခန်းသို့သွား‌ရောက်ပြီး စခန်းတွင်းရှိ ဒုက္ခသည်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ပြုလုပ်ရာတွင် ထိုကဲ့သို့ ‌ပြောဆိုလိုက်ခြင်းဖြစ်‌ကြောင်း အုန်းဖျန်ဒုက္ခစခန်း‌ကော်မတီဝင်တစ်ဦးက ‌ပြောသည်။

၎င်းက “လူသစ်ကို ဓါတ်ပုံရိုက်‌ပေးဖို့ဆိုတာက ထိုင်းအစိုးရလက်ထဲမှာပဲ ရှိတယ်။ သူတို့က(ထိုင်းအစိုးရ) လက်မခံတဲ့အတွက် ရိုက်လို့ မရ ဘူးဆိုတာရယ်၊ ‌နောက်တစ်ခုက‌တော့ မိသားစု‌ပေါင်းစည်း‌ရေးအတွက်လည်းပါတယ်။ ဥပမာ ကိုယ့်မိသားဝင်ထဲက‌နေ တတိယနိုင်ငံကို ‌ရောက်ရှိ‌နေပြီး ဒီဘက်မှာကျန်ခဲ့တဲ့သူ‌တွေအ‌နေနဲ့ အဲဒီကို သွားနိုင်‌အောင် ကူညီသွားမယ်ဆိုတာမျိုးကို ရှင်းပြတယ်”ဟု ‌ပြောသည်။

အုန်းဖြန်ဒုက္ခသည်စခန်းတွင် ရပ်ကွက်‌ပေါင်း ၁၆ ခုရှိသည့်အနက် ယမန်‌နေ့က UN အဖွဲ့ဝင်များနှင့် တစ်ရပ်ကွက်လျှင် ၃ဦး သွား‌ရောက် ‌တွေ့ဆုံရခြင်း ဖြစ်‌ကြောင်းလည်း အုန်းဖျန်ဒုက္ခသည်တစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီမှာ‌နေရှိ‌နေတဲ့သူအများစုက လူသစ်‌တွေဖြစ်တယ်‌လေ။ အဲ့ဒါ‌ကြောင့် စားဖို့ရိက္ခာပဲရပြီး လွတ်လပ်စွာ သွားလို့ မရဘူး။ ‌နောက်တစ်ခုက ကျ‌နော်တို့ကို ဘယ်သူကမှ အသိအမှတ်ပြုတာ မခံရ‌သေးဘူး။ အဲ့ဒါ‌ကြောင့် ကျ‌နော်တို့‌တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြု‌ပေးဖို့အ ‌ကြောင်း‌တွေ UN ကို သူတို့ ‌ပြောလိုက်တယ်”ဟု UN အဖွဲ့ဝင်များနှင့် ‌တွေ့ဆုံခဲ့သူများ၏ ‌ပြောကြားချက်ကို ရပ်ကွက် ၁၃‌နေ ကိုကြည်ဝင်း က ပြန်လည် ‌ပြောပြသည်။

ထို့အပြင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်‌ပေးမည့် အစီအစဉ်မှာ လက်ရှိအ‌နေအထားတွင် မရှိ‌သေး‌ကြောင်းနှင့် ဒုက္ခ သည်များအ‌နေဖြင့် ‌နေရပ်ပြန်လည်အ‌ခြေချ‌နေထိုင်ရန် ဆန္ဒမရှိပါက အတင်းပြန်လည် ပို့‌ဆောင်မည် မဟုတ်ဘဲ UNHCR အ‌နေဖြင့် ဒုက္ခ သည်များကို ဆက်လက် ကူညီသွားမည်ဟု UN အဖွဲ့ဝင်နှစ်ဦးက ‌ပြောသည်။

UN အဖွဲ့ဝင်များသည် အုန်းဖျန်စခန်းရှိ ဒုက္ခသည်များနှင့် ပြီးခဲ့သည့် ဧပြီလကလည်း ယင်းသို့ လာ‌ရောက်‌တွေ့ဆုံခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်‌မြောက် လာ‌ရောက်‌တွေ့ဆုံခြင်း ဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ စခန်း‌ကော်မဝင်ဝင်တစ်ဦးက ‌ပြောသည်။

မဲ‌ဆောက်မြို့‌တောင်ဘက် ၈၆ကီလိုအကွာရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် အိမ်‌ခြေအလုံး ၃,၅၀၀‌ကျော်နှင့် လူဦး‌ရေ ၁၇,၀၀၀‌ကျော် ‌နေထိုင်လျက်ရှိပြီး ဒုက္ခသည် ၉ဝရာခိုင်နှုန်းမှာ ကရင်လူမျိုးများဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ကူညီ‌စောင့်‌ရောက်‌ရေးညွှန့် ‌ပေါင်းအဖွဲ့-TBBC ၏ စာရင်းအရ သိရသည်။