စက်တင်ဘာလ ၂၁ ရက်။ စောခါးစူး (ကေအိုင်စီ)
ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရှိရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် တစ်ရက်တာ အပစ်အခတ် ရပ်စဲရန် KNU က စက်တင်ဘာလ ၁၅ရက်နေ့၌ ကြေ ညာချက် ထုတ်ပြန်ထားသော်လည်း မြဝတီမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် BGF ပူးပေါင်းတပ် တို့က ထီးဝါ့ဘလောကျေးနယ်အတွင်းရှိ KNLA တပ်ရင်း(၁၀၁)ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးကြီးစောအယ်ဆဲဆဲက “သူတို့(အစိုးရနဲ့ BGF တပ်ဖွဲ့)က ကျနော်တို့ကို လက်နက်ကြီးသက်သက်ပဲ ပစ်တာ။ ကျနော်တို့ ဘက်တော့ ပြန်ပစ်ခတ်တာ မလုပ်ဘူး။ ထိခိုက်မှုလည်း ဘာမှ မရှိ ပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာစစ်တပ်၏ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)နှင့် BGF တပ်ရင်း(၁၀၁၇)တို့က ထီးဝါ့ဘလောရွာအနီး တောင်ခြေမှနေ၍ ၎င်းတို့ကို နံနက် ၈နာရီကျော်မှ ၁၁နာရီအထိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ မတိုင်မီ စောစီးစွာ ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်ထဲတွင် တိုင်းရင်းသားပြည် နယ်များတွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်များ အားလုံး ရုပ်သိမ်းပေးရန်လည်း ပါဝင်သည်။
KNU ၏ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ငြိမ်းချမ်းရေးနေ့မှာ ကျနော်တို့ KNLA တပ်တွေကို ပစ်ခတ်တာဟာ သူတို့(အစိုးရနှင့် BGF တပ်ဖွဲ့)တွေ နိုင်ငံတကာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းကို မလေးစားတာကို ပြတာပဲ။”ဟု ပြောသည်။
ယခင် ၂၀၁ဝခုနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကလည်း KNU သည် အစိုးရတပ်များနှင့် တစ်ရက်တာ အပစ်အ ခတ် ရပ်စဲမှု ပြုလုပ်ရန် အလားတူ ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရတပ်များက KNU တပ်မဟာ(၄)နှင့် တိုက်ခိုက် ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။