စက်တင်ဘာ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ဝေါ်လေဒေသ တစ်နေရာတွင် ခြေကုပ်နေရာယူထားသည့် ကရင်ပူးပေါင်းတပ်ဖွဲ့များ အား ယမန်နေ့က အစိုးရစစ်တပ်မှ တိုက်ခိုက်ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) က ပြောသည်။
ဝေါ်လေဒေသ၊ မယ်ကလာ့ချောင်းအနီးရှိ KNLA တပ်ရင်း(၁၀၃)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ရင်း(၉၀၇)တို့အား အစိုးရစစ်တပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄) စစ်ကြောင်း(၁)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂ဝကြာ ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း KNLA (၁၀၃)တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး စောနေ့စေးက ပြောသည်။
“ဖြစ်တဲ့နေရာက မယ်ကလာ့ချောင်းတံတားအနီး သေ့ဂေထာ့ကုန်းမှာ။ ၃နာရီ ၅မိနစ်အချိန်မှာ အင်အား ၅၀ကျော်ရှိတဲ့ ရန်သူ တပ်က ကျနော်တို့တပ်ဖွဲ့ကို ဝင်တိုက်တယ်။ မိနစ် ၂ဝကြာတယ်။ ဒီကေဘီအေတပ်သား ၁ဦးနဲ့ ကျနော်တို့ဘက်က ၁ဦး ထိ သွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေထိတော့ မရှိဘူး။ ရန်သူ့ဘက်လည်း ၁ဦးသေ၊ ၁ဦးဒဏ်ရာရတယ်လို့ သိရတယ်။”ဟု အ တည်ပြု ပြောဆိုသည်။
ခမရ(၂၀၄)သည် ကရင်ပူးပေါင်းတပ်ဖွဲ့အား တိုက်ထုတ်ရန်အတွက် လွန်ခဲ့သည့် ၂ရက်ကတည်းက ဝင်ရောက်နေရာယူထားခဲ့ သလို ရှေ့ဆက်လည်း ကရင်တပ်ဖွဲ့များ လှုပ်ရှားနေသည့်နေရာများကို ရှင်းလင်းရန် အစီအစဉ်ရှိသေးကြောင်း ၎င်းတပ်ရင်းမှူး က ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် အစိုးရတပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄)တပ်ရင်း၊ ကေအဲန်အယ်လ်အေ (၁၀၃)တပ်ရင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ရင်းတို့ စစ်ရေးလှုပ်ရှားလျှက်ရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်၊ နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် တရက် တာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခဲ့သော်လည်း အစိုးရစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ်လိုလို ဆက် တိုက် လုပ်ဆောင်လျှက်ရှိသည်။


















