ဩဂုတ်လ ၂ဝရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား လူဦးရေစာရင်း ကောက်ခံပေးရန် ဒုက္ခသည်စခန်းဆိုင် ရာ ထိုင်းအုပ်ချုပ်ရေးအဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့တွင် စခန်းတာဝန်ရှိသူများကို ပြောဆိုညွှန်ကြားခဲ့သည်ဟု သိရသည်။
ထိုသို့ ကောက်ခံရန် တာ့ခ်ခရိုင် ဥက္ကဌက ညွှန်ကြားခြင်းဖြစ်ပြီး စခန်းအတွင်းရှိ ဒုက္ခသည်များအနက် တတိယနိုင်ငံ သွားရောက်မည့်သူ များ၊ မြန်မာပြည်ပြန်မည့်သူများ၊ မပြန်မည့်သူများ စသည်ဖြင့် လူဦးရေစာရင်းများကို ကောက်ခံပေးသွားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည် ဟု အုန်းဖျန်စခန်း ဥက္ကဌ စောဝါးထီးက ကေအိုင်စီကို ပြောသည်။
“သူတို့ကောက်ခိုင်းတာကတော့ ဒီစခန်းထဲကနေ တတိယနိုင်ငံထွက်သွားပြီးတဲ့ လူဦးရေရယ်၊ နောက်ထပ်သွားဖို့ ဘယ်နှစ်ဦး ထပ်တင် ထားသေးလဲနဲ့ မြန်မာပြည်ကိုပြန်မဲ့ လူဦးရေ၊ နောက်ပြီး ထိုင်းနိုင်ငံထဲမှာ ဆက်ပြီးနေထိုင်သွားမှာက ဘယ်လောက်ရှိလဲဆိုတဲ့ စာရင်း ၄မျိုးကိုကောက်ဖို ့ကျနော်တို့ကို အချိန် ၂ပတ်ပေးတယ်။”ဟု သူက ဆိုသည်။
ထိုအခြေအနေပေါ်တွင် အုန်းဖျန်စခန်းကော်မတီဝင်များက ယနေ့ အစည်းအဝေးပြုလုပ်ခဲ့ကြသလို မြန်မာအစိုးရအနေဖြင့် ဒုက္ခသည် များ၏ ဘဝရပ်တည်ရေးအတွက် မည်သည့်စီမံကိန်းမှ လုပ်ဆောင်ပေးခြင်း မရှိသေးသည့်အပေါ် မြန်မာပြည်တွင်းသို့ ပြန်လည်နေထိုင် ရန်မှာ ယုံကြည်ရခက်ပြီး ထိုင်းအစိုးရသစ်အနေဖြင့်လည်း မြန်မာဒုက္ခသည်များအား ပြည်တွင်း ပြန်လည်ပို့ဆောင်မည်ဆိုပါက အချိန် စောသေးကြောင်း စောဝါးထီးက ဆက်လက် ပြောဆိုသည်။
အုန်းဖျန်စခန်းမှ ဆရာထူးကလယ်က “အခုလက်ရှိအနေနဲ့ကတော့ ကျနော် နိုင်ငံခြားသွားဖို့တင်ထားတယ်။ ကျနော်တို့ နိုင်ငံထဲမှာဆို အသိအမှတ်ပြုခံရမဲ့ နိုင်ငံသားကဒ်ရဖို့ဆိုတာ မလွယ်ဘူးလေ။ အကောင်းဆုံးကတော့ ဘဝရပ်တည်ဖို့အတွက် ကျနော် စဉ်းစားပြီး နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဗမာပြည်မှာက ဘာဘဝအာမခံချက်မှ မရှိတဲ့အတွက် မပြန်တော့ပါဘူး။”ဟု ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာပြည်ရှိ ထောင်များမှ နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးခြင်း မရှိသေးသည့်အပြင် အိုးမဲ့အိမ်မဲ့ ဖြစ် နေကြသည့် မြန်မာဒုက္ခသည်များအတွက် မည်သည့်အာမခံချက်မျိုးမှ မရှိသေးသည့်အပေါ် အစိုးရအသစ်အနေဖြင့် ပြည်ပရောက် မြန် မာနိုင်ငံသားများအား ဖိတ်ခေါ်လိုက်ခြင်းကို လုံးဝ ယုံကြည်မှုမရှိကြောင်း NLD အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းအောင်က ပြောသည်။
သို့သော် အခြားဒုက္ခသည်စခန်းများတွင် ဒုက္ခသည်လူဦးရေစာရင်းကို ကောက်ခံရန် ညွှန်ကြားလာခြင်း မရှိသေးကြောင်း မယ်လစခန်း တာဝန်ခံ တစ်ဦးက ပြောသည်။ “ကျနော်တို့ စခန်းမှာတော့ အဲလိုလူဦးရေကောက်ခံဖို့တွေ ဘာမှပြောသံမကြားသေးပါဘူး။”ဟု ဆို သည်။
၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအား ထိုင်းအစိုးရဘက်မှ စခန်းများ ပိတ်ပစ်လိုက်မည်ဟု ထွက်ပေါ်နေသည့် ကောလဟလသတင်းများကြောင့် ဒုက္ခသည်များလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း မယ်လစခန်းမှ ဒုက္ခသည်တစ်ဦးက ပြော သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ခုတွင် ဒုက္ခသည်ဦးရေ တစ်သိန်းခွဲရှိပြီး အုန်းဖျန်နှင့် မယ်လဒုက္ခသည်စခန်းများသည် တာ့ခ်ခရိုင်အတွင်း တည်ရှိသည့် ဒုက္ခသည်စခန်းများဖြစ်သည်။


















