Home ထိပ်တန်းသတင်း မတ်လ မိုးဒဏ်‌ကြောင့် ပျံလွှားငှက် များ အစုလိုက်အပြုံလိုက် ‌မြေ‌ပေါ် ကျဆင်းခဲ့

မတ်လ မိုးဒဏ်‌ကြောင့် ပျံလွှားငှက် များ အစုလိုက်အပြုံလိုက် ‌မြေ‌ပေါ် ကျဆင်းခဲ့

4112
မတ်လ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းကာ ‌အေးချမ်းသည့် ရာသီဥတု‌ကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း တာ့ခ်ခရိုင်၊ မဲ‌ဆောက်၊ ထာ့‌ဆောင်ယန်းမြို့နယ်များတွင် ယမန်‌နေ့က ပျံလွှားငှက်များ ‌မြေ‌ပေါ်ကျကာ ‌သေဆုံးမှုများရှိသည်ဟု ကိုယ်တိုင် မြင်‌တွေ့ခဲ့သူများက ‌ပြောသည်။

ထာ့‌ဆောင်ယန်းမြို့နယ်မှ မဲ့တရိရွာသားတဦးက “မဲတရိမှာ ကားလမ်း‌ဘေးနဲ့ ရွာသစ်ပင်‌အောက်မှာ ပျံလွှားငှက်‌တွေ ကျ‌သေ တာ အ‌ကောင် ၂၀‌ကျော် ရှိမယ်။ အထူးသဖြင့် မဲတရိရွာ‌ဈေးက အိမ်ရဲ့ ဝရမ်ဒါမှာ၊ တံခါး‌ပေါက်ဝမှာ လာနားတာ အ‌ကောင် ၁၀၀‌ကျော်မယ်။ တ‌နေကုန်နီးပါး လာနားတာ။ မပျံနိုင်လို့ ‌အောက်ကိုကျလာတဲ့ တချို့ငှက်‌တွေကို လူ‌တွေက မစား‌ပေမဲ့ အိမ် ‌မွေး‌ကြောင်‌တွေက‌တော့ လိုက်ဖမ်းစားတာရှိတယ်။ ခုလို အချိန်အခါမဟုတ် မိုးရွာတဲ့အပြင် ‌အေးလည်း‌အေး‌တော့ ငှက်‌တွေ မခံနိုင်တာ ဖြစ်နိုင်တယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌လေးရက်ခန့်ကစ၍ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မိုးရွာသွန်းကာ ‌လေတိုက်ခတ်မှုများ‌ကြောင့် ‌အေးစိမ့်သည့် ရာသီဥတု ဖြစ်‌ပေါ်လာရာ ရိုက်ခတ်မှုအဖြစ် မိုး‌ရေတွင်း ပျံသန်းနိုင်သည့် ပျံလွှားငှက်များပင် မခံနိုင်ဘဲ ယခုလို ‌မြေ‌ပေါ်ကျဆင်း ကာ နားခို၊ ‌သေဆုံးရခြင်း ဖြစ်နိုင်‌ကြောင်း မြင်‌တွေ့သူများက ‌ဝေဖန်‌နေကြသည်။

မဲ‌ဆောက်မြို့ စီဒီစီ အထက်တန်း‌ကျောင်းအနီးတဝိုက်ရှိ လူ‌နေအိမ်များ၌လည်း ယမန်‌နေ့က ပျံလွှားငှက်များ အိမ်တွင်းဝင် ‌ရောက်ကာ နားခိုခဲ့‌ကြောင်းနှင့် ယခုလို မိုးရွာချိန်အတွင်း ပျံလွှားငှက်များ အစုလိုက် အပြုံလိုက် အိမ်‌ပေါ်အထိ ပျံလာနားခြင်း ကို တကြိမ်တခါမျှ ကြုံ‌တွေ့ခဲ့ရခြင်းမရှိဘဲ ၎င်းမှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သက်ကြီးရွယ်အိုများက ‌ပြောဆို‌နေကြသည်။

အလားတူ ထို‌နေ့တစ်ရက်တည်းတွင် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် ဝါ့မီကလား‌ကျေးရွာ ဘုန်းကြီး‌ကျောင်း၌လည်း မပျံသန်း နိုင်‌တော့သည့် ပျံလွှားငှက်တချို့ ဘုန်းကြီး‌ကျောင်းထဲကို ဝင်‌ရောက်နားခိုခြင်းများ ရှိသည်ဟုလည်း ရွာခံများက ‌ပြောသည်။

သို့‌သော် ယ‌နေ့တွင် မိုးရွာသွန်းမှု ရပ်တန့်ကာ ‌နေ‌ရောင်ရရှိလာသည့်အတွက် ပျံလွှားငှက်များ ထပ်မံ ကျဆင်းလာသည်ကိုမူ မ‌တွေ့ရှိရ‌တော့‌ပေ။