ဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပဝို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ထိုနေ့ည ၈နာရီ ၁၅မိနစ်အချိန်၌ ဆွဲမိုင်းဖြင့် အဆွဲခံရသည့် အဆိုပါ နအဖတပ်ဖွဲ့ဝင်များထဲတွင် ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအဝင် စုစုပေါင်း ၁ဝဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ကေအိုင်စီကို ပြောသည်။
သူက “ကျနော်တို့လူ(DKBA)တွေ သူတို့(နအဖ)ကို ဆွဲမိုင်း ၂လုံးနဲ့ ဆွဲတာ။ ၂လုံးဆိုတော့ ပိုပြီးတော့ပြင်းသလို ဆွဲတာလည်း နေရာမှန်တော့ နအဖတွေ ဒီလို အထိအခိုက်များတာပဲ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ဆွဲပြီး တာနဲ့ နောက်ဆုတ်တာပဲလေ။”ဟု ပြောသည်။
ဆွဲမိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် နအဖ ခမရ(၃၅၇)မှ တပ်ဖွဲ့ဝင်များကို မြဝတီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြဝတီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ယခုလ ၁၃ရက်နေ့၌လည်း ကော့ကရိတ်မြို့ရှိ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ရုံးကို DKBA တပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် သွားရောက်လှမ်းပစ်ခဲ့ရာ နအဖ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


















