ဒီဇင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ယွန်းစလင်းချောင်းအတွင်း ဖာပွန်မြို့နှင့် ဘောသေ့ထာ့ ကျေးရွာအထက် တခေါ်တို့ဘော လှေဆိပ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေ ၅၄စီးအနက် ၉စီးကို ဖာပွန်အခြေစိုက် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ နိုဝင်ဘာလ ၂ဝရက်နေ့ကတည်းက ဖမ်းဆီးထားရာ ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
အဆိုပါ စဗခ(၁)မှ ဗိုလ်ကြီးအောင်ကျော်ဇော ဦးဆောင်တပ်ဖွဲ့ ဖမ်းဆီးလိုက်သည့် စက်လှေ ၉စီးအနက် ၅စီးမှာ ဘောသေ့ ထာ့ကျေးရွာအုပ်စုရှိ ရွာသူရွာသားများ၏ စက်လှေဖြစ်ပြီး ၄စီးမှာမူ ဖာပွန်မြို့ခံများ၏ စက်လှေများဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ဖာပွန်နှင့် ကမမောင်းကားလမ်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ သွားခွင့်ပိတ်ပင် ထားသည့်အတွက်ကြောင့် နအဖတပ်ဖွဲ့အနေဖြင့် ရှေ့တန်းသို့ ရိက္ခာပို့ရန် ခက်ခဲလာသည့်အပေါ် အကြပ်ကိုင်သည့်အနေ ဖြင့် အရပ်သားစက်လှေများကို ယခုလို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ကေအိုင်စီကို ယခုလို ပြောသည်။
သူက “KNU က ကားလမ်းပြန်ဖွင့်ရင် လှေကို လွှတ်ပေးမယ်လို့ သူတို့(နအဖ)က ပြောတယ်။ ဒီလိုလုပ်တော့ ကျနော်တို့ အခက်တွေ့တာပေါ့။ ဒီမှာရှိတဲ့လူတွေအားလုံးဟာ ဒီလှေတွေကိုစီးပြီး ဖာပွန်မြို့ကနေ အဝတ်အထည်နဲ့ စားသုံးကုန်ပစ္စည်း တွေကို သွားဝယ်ကြရတာလေ။ ဒီကိစ္စပြေလည်ဖို့ စက်လှေပိုင်ရှင်နဲ့ စက်လှေစပယ်ယာ(စက်လှေနောက်လိုက်သူ)တို့ အခု ဒီဇင်ဘာလ ၁၁ရက်နေ့မှာ အစည်းအဝေးလုပ်ပြီး ဒီဒေသမှာ လှုပ်ရှားနေတဲ့ KNU အရာရှိတွေကို တင်ပြပါတယ်။”ဟု ပြော သည်။
ယင်းသို့ ဒေသခံလူထု၏ တင်ပြချက်အပေါ် နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူများအနေဖြင့် အလေးထားသော်လည်း လမ်းပြန်ဖွင့်ရန် မဖြစ်နိုင်သေးဘဲ လူထု၏ စပါးရိတ်သိမ်းရမည့် အခြေအနေကို ကြည့်ပြီး စီစဉ်သွားရမည်ဖြစ်ကြောင်း KNU ဖာပွန်ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဖူးမောက ယခုလို ပြောသည်။
“လူထုက ဒီလို တင်ပြလာတာကို ကျနော်တို့ အလေးထားပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ စပါးရိတ်တဲ့အချိန်လေ။ လမ်းဖွင့် လိုက်ရင် သူတို့လာပြီး လူထုတွေရဲ့ စပါးခင်းတွေကို ဖျက်ဆီးအုံးမှာပဲ။ ဒီတော့ လမ်းဖွင့်လို့ မဖြစ်သေးဘူး။ လူထုတွေ စပါး ရိတ်ပြီးချိန်ဖြစ်တဲ့ ဇန်နဝါရီလလယ်လောက်မှ လမ်းပြန်ဖွင့်ဖို့ အစီအစဉ်ရှိတယ်။”ဟု ရှင်းပြပြောဆိုသည်။
ဖာပွန်မြို့နယ်၊ ဘောသေ့ထာ့ကျေးရွာအုပ်စုရှိ ဘောသေ့ထာ့၊ မဲဝါး၊ ဒွယ်လိုး၊ ဘောသေ့ခီး၊ တပယ်ဒဲနှင့် ပါလာ့ရွာများမှ ရွာ သူရွာသားများမှာ ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး၊ အချိုရည်၊ အချိုမှုန့်၊ ဆေးနှင့် အဝတ်အထည် စသည့်ကုန်ပစ္စည်းမျိုးစုံကို ဖာပွန် မြို့သို့ ပုံမှန် သွားရောက်ဝယ်ယူလေ့ရှိကြသော်လည်း တခေါ်တို့ဘောလှေဆိပ်မှ ဘောသေ့ထာ့ရွာအထိ ၂နာရီကြာ လှေစီး သွားကာ ထိုမှတဆင့် ဖာပွန်မြို့သို့ ၂နာရီကျော် ထပ်မံ လမ်းလျှောက်သွားကြရသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလက ကေအဲန်ယူ တပ်မဟာ(၅)ကို နအဖတပ်များ ထိုးစစ်ဆင်မည့်သတင်းကြောင့် ဖာ ပွန်-ကမမောင်း ကားလမ်းကို ကေအဲန်ယူဘက်က ပိတ်ပင်ခဲ့သည်။ ထို့နောက် လူထု ဆက်လက် သွားလာနေသည့် ယွန်းစ လင်းချောင်း ရေလမ်းကိုလည်း ထိုနှစ် အောက်တိုဘာလတွင် နအဖဘက်က ပိတ်ပင်ခဲ့သော်လည်း ယခုလို လူထုပိုင် စက် လှေများကို ဖမ်းဆီးမှုများ မရှိခဲ့ဖူးကြောင်း ဖာပွန်ဒေသခံများက ပြောသည်။


















