ဒီဇင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ဝင်းမောင်း(ဝေါမူ)ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၀၁၅)မှ တပ်သားတစ်ဦးသည် ၎င်း၏ ဒုတပ်ခွဲမှူးနှင့် ရဲဘော်တစ်ဦးကို ပစ်သတ်ကာ ဒီဇင်ဘာလ ၇ရက်နေ့က တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါတပ်သား စောမြလင်း ၃၉နှစ်သည် နယ်ခြားစောင့်တပ်အဖြစ် ဆက်လက် မလုပ်လိုတော့ဘဲ နှုတ်ထွက်ခွင့်တောင်းရာမှ အချင်းများကြကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။
၎င်းက “သူ(စောမြလင်း)ပြောတာက BGF မလုပ်ချင်တော့တာကို သူ့ ဒုတပ်ခွဲမှူးက ဆက်လုပ်ဖို့ အကြပ်ကိုင်လို့ပေါ့နော်။ အဲဒါ နဲ့ သူတို့အချင်းချင်း အပြန်အလှန် စကားများကြပြီး ပစ်ခတ်မှုအထိဖြစ်တော့ လက်လွန်သွားတယ်လို့ ပြောတယ်။ အဲဒီမှာ ဒု တပ်ခွဲမှူးနဲ့ သူ့ကို စောင့်တဲ့တပည့်နှစ်ယောက်ထဲက သူ့ ဒုတပ်ခွဲမှူးနဲ့ တပည့်တယောက် သေတယ်။ ကျန်တဲ့တယောက်က ဒဏ်ရာရတယ်လို့ ကျနော်တို့ ရှေ့တန်းတပ်ဖွဲ့ဝင်တွေက ပြောတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ယင်းသို့ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်သားသည် ၎င်းနှင့်အတူ M-16 ၁လက်၊ ကျည် ၂၈လုံး၊ M-79 ၁လက်၊ ကျည် ၁၅လုံးကို သယ်ဆောင်လာပြီး လမ်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) တပ်ရင်း(၁၀၂)နှင့် တွေ့ဆုံကာ KNLA ထံ ပူးပေါင်းလိုက်ကြောင်းလည်း ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။
ကရင်ပြည်နယ်ရှိ လူထုအတော်များများမှာ ဒီကေဘီအေတပ်ဖွဲ့မှ အသွင်ပြောင်းသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ယခင်လို မဟုတ်တော့သည့် ဆက်ဆံရေးများ ပြောင်းလဲသွားသည့်အပေါ် ရေရှည်အားဖြင့် ဆက်လက် လုပ်ကိုင်လိုစိတ်မရှိ တော့သည့်အတွက် ယခုလို နှုတ်ထွက်ခွင့်တောင်းဆိုရခြင်းဖြစ်ကြောင်း စောမြလင်းက KNLA တပ်ရင်း(၁၀၂)ကို ပြောဆိုခဲ့ သည်ဟု သိရသည်။
ဖာပွန်ခရိုင် ဒွယ့်လိုးမြို့နယ်အတွင်း ယခုလို ဝင်ရောက်လှုပ်ရှားသည့် နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်းသည် ဖာပွန်ခရိုင် တွင် အခြေစိုက်သည့် တပ်ရင်းမဟုတ်ဘဲ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် အခြေစိုက်ပြီး ၎င်း၏တပ်ရင်းမှူးမှာ ဗိုလ်မှူးစောဝင်း နိုင်စိန်ဖြစ်ကြောင်း KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ဝင်းမောင်းကျေးရွာအုပ်စုတွင် နယ်ခြားစောင့်တပ်အပြင် နအဖ အမှတ်(၄) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၉၆)နှင့် KNLA (၁၀၂)တပ်ရင်းတို့ ပုံမှန် လှုပ်ရှားလျှက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း BGF တပ်ဖွဲ့ဝင် ၂ဦးသည် သေနတ် ၄လက်နှင့်အတူ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ KNLA တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းခဲ့သေးသည်။


















