Home ထိပ်တန်းသတင်း ဒုက္ခိတ အ‌ဆောင်အတွက် ပြည်သူများ စစ်တပ်ထံ အချိန်မီ ‌ငွေပို့ခဲ့ရ

ဒုက္ခိတ အ‌ဆောင်အတွက် ပြည်သူများ စစ်တပ်ထံ အချိန်မီ ‌ငွေပို့ခဲ့ရ

1850
နိုဝင်ဘာလ ၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် အ‌နောက်‌မြောက်ပိုင်း ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ် အ‌ခြေစိုက် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက် ‌အောက်ခံ နအဖ ခလရ(၆၀)က ဒုက္ခိတအ‌ဆောက်အအုံတည်‌ဆောက်‌ရေးအတွက် ကုန်ကျသည့်‌ငွေများကို အဆိုပါ‌ဒေသရှိ ‌ကျေးရွာအုပ်စု(၁၂)ခုမှ ရွာသားများထံ ကျပ်‌ငွေ(၁၀)သန်း‌ကျော် အဓမ္မ‌တောင်းယူခဲ့သဖြင့် ‌အောက်တိုဘာလ ၃ဝရက်‌နေ့က အချိန်မီ ပို့‌ပေးခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။

‌ကျောက်ကြီးမြို့နယ်ရှိ နံ့သာကွင်း၊ ‌ကျောက်စရိတ်၊ ‌ဒေါင်းမု၊ ဂမုန်းအိုင်၊ အင်းနက်၊ ဝက်လာ‌တော၊ ပတ္တလား၊ နို့‌ဝေါ်၊ တ‌ခေါ်ပွာ၊ ‌ဝေ့သွဲ၊ ကိုနီ၊ နို့ညာ့လာ့စသည့် ‌ကျေးရွာအုပ်စုတို့မှ အိမ်တအိမ်လျှင် ၁၂,၀၀ဝကျပ်စီ ‌ပေးရကာ ကျပ်‌ငွေ (၁၄,၄၀၀,၀၀၀)ကို ပြီးခဲ့သည့် ‌အောက်တိုဘာလ ၇ရက်‌နေ့က စစ်တပ်က ‌တောင်းယူခဲ့ခြင်းဖြစ်သည်။

ပြည်သူများထံ ယခု ‌တောင်းခံသည့် ‌ငွေသည် ယခင်‌တောင်းဆိုခဲ့ဖူးသည်ထက် အလွန်များပြား‌နေသည့်အတွက် ပြည်တွင်းဌာ ‌နေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ (CIDKP) အဖွဲ့ဝင်တဦးဖြစ်သူ ‌စောဘယ်ထူးက “သူတို့ ‌ပြောတာက ဒဏ်ရာရတဲ့ ‌ခြေပြတ်လက်ပြတ် ရဲ‌ဘော်‌တွေကို ဒီဒုက္ခိအ‌ဆောက်အအုံမှာ ထားမယ်လို့ ‌ပြောတာပဲ။ ဒါ သူတို့စစ်တပ်ရဲ့ကိစ္စကို ကိုယ်တိုင် မရှင်းဘဲ ပြည်သူ‌တွေကို ဒုက္ခ‌ပေးတဲ့သ‌ဘောပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်

‌ကျောက်ကြီးမြို့အတွင်းတွင် ဒုက္ခိတအ‌ဆောက်အအုံ(၄)လုံး တည်‌ဆောက်‌ရေးအတွက် လိုအပ်သည့် ‌ငွေများကို ‌ကျောက်ကြီး မြို့နယ် ဥက္ကဌ (နအဖ ဘက်) ဦး‌ဇော်မျိုးညွှန့်က မ‌ပေးမ‌နေရစနစ်ဖြင့် တာဝန်ယူ ‌ကောက်ခံ‌ပေးခဲ့သည်ဟု ‌ဒေသခံ ပြည်သူတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “သူက ‌ကောက်‌ပေးတာ‌ပေါ့‌နော်။ သူတို့(နအဖ)‌တွေ ‌သေနတ်‌တွေ ကိုင်ထားတယ်ဆို‌တော့ မ‌ပေးနိုင်လည်း ‌ပေးရတာပဲ။ နှိပ်စက်တဲ့အထိ မရှိ‌ပေမဲ့ ‌ကြောက်လို့ ‌ပေးရတဲ့သူ‌တွေချည်းပဲ။ တချို့သူ‌တွေဆိုရင် ကျွဲ၊ နွား စတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ အရာတချို့ကို ပစ္စည်းတမျိုးမျိုး ‌ရောင်းပြီးမှ ‌ပေးရတာ‌တွေလည်း ရှိတယ်။ ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၇ရက်‌နေ့တွင် အဆိုပါ ‌ဒေသရှိ နအဖ စစ်တပ် ခလရ (၆၀)သည် ပတ္တလား၊ နို့‌ဝေါ်နှင့် အင်းနက် ‌ကျေးရွာအုပ်စုအတွင်းရှိ စပါးကြိတ်စက်ရှိသူ ရွာသားများထံမှ ဆန်စက်တလုံးလျှင် ကျပ်‌ငွေ ၅‌ထောင်ကျပ် ‌တောင်းခံခဲ့ သည့်အတွက် စုစု‌ပေါင်း စပါးကြိတ် စက် ၁ဝလုံးအတွက် ကျပ်‌ငွေ ၅‌သောင်း ‌ကောက်ခံရရှိခဲ့သည် သိရသည်။

နအဖ စစ်တပ်များသည် ရွာသားများထံ ယခုလို ‌ငွေများ မကြာခဏ ‌တောင်းခံခြင်းသည် ၎င်းတို့၏ တပ်ရင်းများအတွက် အသုံး ပြုရန် ဖြစ်သည်ဟု အ‌ကြောင်းပြ‌လေ့ရှိ‌ကြောင်း ‌ဒေသခံပြည်သူများက ဆိုသည်။

‌ကျောက်ကြီးမြို့နယ်အတွင်းတွင် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်း ခလရ(၆၀)၊ ခလရ(၄၈)၊ ခလရ(၅၃) ခမရ(၃၅၁)၊ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊ ခမရ(၇၃)နှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၉)၊ ‌ကေအဲန်ဒီအိုတပ်အချို့ ပုံမှန် လှုပ်ရှား လျှက်ရှိသည်။