နိုဝင်ဘာလ ၁၅ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် နယ်စပ်တနေရာဖြစ်သည့် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ယမန်နေ့ညက တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ၎င်းဒေသရှိ ရွာသူရွာသား ၄၀ဝနီးပါးမှာ ဒုက္ခသည်များအဖြစ် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးရောက် ရှိလာခဲ့သည်ဟု သိရသည်။
ထိုင်းရွာသားတစ်ဦးက “မနေ့ညက ဟိုဘက်ကမ်းမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေ ထွက်ပြေးလာတာ မနေ့ကတင် ၄၀ဝနီးပါး လောက် ရှိပြီ။”ဟု ဆိုသည်။
ယမန်နေ့ည ၆နာရီကျော်တွင် ဒီကေဘီအေ အခြေစိုက်ရာ ဝေါ်လေရှိ သံမဏိကုန်းတွင် လာရောက်နေရာယူတပ်စွဲထားသည့် နအဖ စကခ(၈) လက်အောက်ခံ နည်းဗျူဟာ(၃)စစ်ကြောင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်မိကြပြီး တိုက် ပွဲ ၁ဝမိနစ်နီးပါးခန့် ဖြစ်ပွားခဲ့သည်ဟု ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဗိုလ်မှူးစော ကြည်အောင်က ယခုလို ပြောသည်။
“ဒီကေဘီအေ(၉၀၇) တပ်မဟာ လုံခြုံရေးအဖွဲ့က သူတို့နေရာကို ခဏပြန်ကြည့်တာ အဲဒီမှာ နအဖ တပ်တွေက ဗိုလ်ရွှေဝနဲ့ ဗိုလ်နှုတ်ခမ်းမွှေးနေရာကို ဝင်ထိုင်နေတယ်လေ။ အဲဒါကို မသိလိုက်တော့ ပြန်အသွားမှာ ထိပ်တိုက်ဖြစ်သွားတဲ့သဘောပေါ့။ တိုက်ပွဲဖြစ်တာက ၈မိနစ်၊ ၁ဝမိနစ်လောက်ပါပဲ။ ကျနော်တို့ သိရသလောက် နအဖဘက်က ၁ယောက်သေ၊ ၁ယောက် ဒဏ်ရာ ရတယ်။”ဟု ဆိုသည်။
အလားတူ အင်အား ၁၀၀ကျော်ရှိ ကနဲလေးဒေသမှ နအဖ နယ်မြေခံတပ် ခလရ(၉၇)နှင့် ထပ်မံ ရောက်ရှိလာသည့် ခမရ (၄၀၄)တပ်ဖွဲ့ကို ဒီကေဘီအေ တပ်များက ယမန်နေ့ည ၇နာရီခွဲအချိန်ခန့်တွင် ၁ဝမိနစ်ကျော် အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ ရာ နအဖဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရသော်လည်း ဒီကေဘီအေဘက်မှ ၁ဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသား ၂ဦး ထိခိုက်မှုရှိခဲ့ သည်ဟု ဒီကေဘီအေဘက်က ပြောဆိုသည်။
ဒီကေဘီအေ တပ်မှူးတစ်ဦးက “ဒီအနီးကပ်တိုက်ပွဲမှာ ကျနော်တို့ဘက်က တယောက် ထိတယ်။ နအဖဘက်ကတော့ မသိ ဘူး။ နအဖပစ်တဲ့ လက်နက်ကြီးတွေဟာ ရွာထဲကိုပဲ ကျနေတော့ ရွာသား ၂ယောက် ဒဏ်ရာရသွားတာပေါ့။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ယခင်အပတ်က ရောက်ရှိနေသည့် ဒုက္ခသည်များနှင့် စုပေါင်းလိုက်လျှင် ထိုင်းဘက်ခြမ်း၊ ဖုတ်ဖရမြို့နယ်ရှိ ဝေါ်လေကျေးရွာတွင် စစ်ပြေးဒုက္ခသည် ၆၀၀ကျော်ရှိပြီး ၎င်းတို့ကို နွားကုန်သည်များ နွားထားရာ ကွင်းတွင် ယာယီစီစဉ်ထား ပေးကာ ကရင်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံကျန်းမာရေးအဖွဲ့များက ကူညီပေးထားသည်ဟု သိရသည်။
ယနေ့မွန်းလွဲပိုင်း၌လည်း မြဝတီမြို့တွင် ခမရ(၄၀၁)၊ (၄၀၂)နှင့် (၄၀၃)တပ်များ ထပ်မံ ရောက်ရှိလာသည်ဟု နယ်စပ်သတင်း အရ သိရသည်။

















