စောတူလဲမူး
မြစ်ချောင်းတွေပတ်စီး
တောအုပ်ကြီးတွေရဲ့ကြားမှာ
လယ်ကွက်ငယ်တွေဝိုင်းထားတဲ့
ရွာကလေးတရွာမှာပေ့ါ…
မိုးလင်းလု့ိနေမထွက်ခင်
ကောက်ညှင်းဆိုတာ အဖေ့အတွက်အဆာပြေပေ့ါ
မိသားတစ်စုရဲ့ စားဝတ်နေရေး
အဖေလယ်ထဲ ဆင်းခဲ့ရတယ်နော်…..
နေ့ရက်စဉ်ပြု
အဖေ့ရဲ့အမှုတွေဟာ
မိသားစုအတွက်တော့
အရာရာဟာ ပြီးပြည့်စုံခဲ့ပေ့ါ…
(၂)
ဒါပေမဲ့လေ…
လူမဆန်အောင်ရက်စက်
ရွံစရာ စစ်ရမ္မက်တွေနဲ့
ဆာလောင်နေတဲ့ ဘီလူးတွေလို
အပျို အအိုတွေလည်းမချန်
သေတမန်ပြောင်းဝကို မလွန်ဆန်နိုင်လို့
ဆက်သလိုက်ရတဲ့ အရိုင်းပန်းငယ်တွေ
အဟင့်…အဟင့်နဲ့
ကြွေကျခဲ့ရတာကလည်း အဖေ့ရဲ့သမီးပေ့ါ…….
ကျေးရွာတွေ တောင်ယာထင်ပြီး
မီးလောင်တိုက်သွင်းလိုက်ကြတာ
မခံနိုင် ရင်ဆိုင်ချင်တဲ့အဖေ့ရဲ့ သားတွေလည်း
အရွယ်ငယ်ငယ်နဲ့ လောကကြီးကို စွန့်ခွာခဲ့ရတယ်…
ဒီကြားထဲမှာ
သဂြင်္ ိုလ်ခွင့်တောင်မရလိုက်တဲ့ အပြစ်မဲ့ဝိဉာဉ်တွေလည်းပါတယ်…
လူ့အခွင့်အရေးဆိုတာ ချိုးဖောက်စရာလို့တောင်
ထင်ရချည်ရဲ့….အဖေရယ်…….
(၃)
တကယ်တော့လေ…
အခက်အခဲနဲ့ ဒုက္ခဆိုတာ
သူတို့က စခဲ့တာပါ
ဖဆပလ မဆလ နဲ့ နအဖတွေပေ့ါ…အဖေ…
(၄)
သစ်ရွက်တွေနဲ့
အရှက်ကိုမဖွက်တတ်တဲ့….အဖေ
အေးအေးချမ်းချမ်းနေတတ်ပေမဲ့
ဖိနှိပ်တာကို မကြိုက်တဲ့…အဖေ
ကံတရားကို မယုံ
အမှန်တရားကို ခုံမင်တတ်တဲ့…အဖေ
ခေတ်တွေဘယ်ပျက်ပျက်
စနစ်နဲ့ နေတတ်တဲ့…အဖေ
အေးမြတဲ့ အရိပ်ဖြစ်ဖို့
အပူဒဏ်ခံပေးနိုင်တဲ့…အဖေ
သူရဲကောင်းမဟုတ်လည်း
စွန့်လွှတ်စွန့်စားဝံ့တဲ့…အဖေ
ယောင်ချာချာ မဟုတ်တဲ့
တိကျတဲ့ဆုံးဖြတ်ချက်နဲ့…. အထမှာ
အဖေလည်း သွေးမြေခ ခဲ့ရတယ်နော်…..။
(၂၁ရက် ၈လနဲ့ အခြားရက်စွဲများမှာပေ့ါ)
(၅)
အခုလေ…
အဖေမရှိတော့တဲ့နောက်
ကျန်းမာသန်စွမ်းတဲ့ သူတို့ရဲ့အတ္တတွေ
အသက်ရှည်လွန်းတဲ့ သူတို့ရဲ့ မှားယွင်းခြင်းတွေ
အငွေ့ထွက်လွန်းတဲ့
အသိမဲ့ သူတို့ရဲ့ သေတမန်ပြောင်းဝတွေကြောင့်
ပျော်ရွှင်စွာ ထမင်းစားနေတဲ့ မိသားစုများလည်း
တစ်ဝက်တစ်ပျက်နဲ့
ပန်းကန်ကို မျက်ရည်နဲ့ဆေးခဲ့ရတယ်နော်။
(၆)
အဖေတစ်ယောက် မဟုတ်
အဖေတွေ အများကြီးပြုတ်ထွက်သွားတဲ့
ခေါင်ချုပ်မဲ့ သားတို့ရဲ့အိမ်ကလေးတွေဟာ
မွန်းကြပ်လွန်းတဲ့ညတွေမှာ
အတိတ်ဟာ နှုတ်ဆက်လာပြန်တော့
အိပ်မရတိုင်း ဒေါသစိတ်ရိုင်းနဲ့
နာကျင်စရာသက်သက် အိပ်ရာထက်မှာ
ဒဏ်ရာကို သုတေသန လုပ်နေရင်း
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ဟာ
အဖေပေးသွားခဲ့တာပါ….
သားတို့ပြည် အသိအမှတ်ပြုရေး ပြီးပြည့်စုံစေဖို့
သားတို့ ကံကြမ္မာ သားတို့ဖန်တီးရင်း
သားတို့လက်နက် သားတို့လက်ထဲမှာ ရှိနေသရွေ့
ကျည်ဆံတစ်ထောင့်ထဲ ကျန်ခဲ့သေးရင်တောင်
ကြောက်ပါတယ်လို့ သားတို့မပြောပါဘူး
စိတ်ချပါအဖေ…..
အခုလေ…. အဖေမရှိတော့တဲ့နောက်
အထပ်ထပ်တွေးခေါ်
တန်ဘိုးတွေနားလည်ခဲ့ပြီ
အခွင့်ရှိသေးရင် ကြားချင်တယ်…အဖေ….။
(12-8-2010) ရက်နေ့မှာ ကျရောက်လာမဲ့ အနှစ် (၆၀)ပြည့် ကရင့်အာဇာနည်နေ့၊ တော်လှန်ရေး (၆၂)နှစ်အတွင်း အသက်ပေးသွားတဲ့ အာဇာနည် အားလုံးနဲ့ မလျှော့သောဇွဲနဲ့ ယနေ့အထိ သစ္စာရှိစွာ ခရီးဆက်နေတဲ့ KNU စစ်သားအားလုံးကို ဂုဏ်ပြုလျှက်…….