ဇွန်လ ၂ဝရက်။ မနိုက်အွာ (ကေအိုင်စီ)
“ဘယ်သူမဆို လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ်၊ ကိုယ့်အိမ်ကိုယ့်ခြံနဲ့ နေထိုင်ချင်ကြတာ ချည်းပဲ။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်အတွင်း ဖြစ်တည်နေတဲ့ အခြေအနေကြောင့် ဒုက္ခသည်ဘဝဖြစ်လာရတာကို အပြစ်တခု မဟုတ်ပေ မဲ့ စိတ်မကောင်းဖြစ်မိတယ်”ဟု ထိုင်း-မြန်မာနယ်စပ်အတွင်း ရောက်ရှိခိုလှုံနေကြရသည့် ဒုက္ခသည်အမျိုးသမီးတဦးက ပြောဆိုခြင်း ဖြစ်သည်။

ယခု ဇွန်လ ၂ဝရက်နေ့သည် ကမာ္ဘ့ဒုက္ခသည်များနေ့ (World Refugees Day)ဖြစ်သည်။ ထိုနေ့ရောက်တိုင်း ကမာ္ဘတဝှမ်းက အခမ်း အနားများ ကျင်းပပြုလုပ်လျှက်ရှိသလို ယခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများ၌လည်း ဇွန်လ ၁၈ရက်နေ့ က ကမာ္ဘ့ဒုက္ခသည်များနေ့ကို ကြိုတင် ကျင်းပခဲ့ကြသည်။
အခမ်းအနားကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ စီစဉ်ကျင်းပခြင်းဖြစ်ရာ ဒုက္ခသည်များအနေဖြင့် စခန်း အတွင်းမှာ ဘဝကို နှစ်မြှပ်မထားဘဲ လာမည့်အနာဂတ်တွင် မိမိနေရပ်ဌာနေ (သို့မဟုတ်) တတိယနိုင်ငံသို့ မိသားစု သိုက်သိုက်ဝန်း ဝန်းနှင့် သာယာငြိမ်းချမ်းသော “အိမ်”ကို မျှော်လင့်ချက်ထားရှိရန် (UNHCR)က ဒုက္ခသည်များထံ အားပေးစကား ပြောဆိုခဲ့သည်။
“စခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်လာခဲ့တာ ၁ဝနှစ်ကျော်နေပါပြီ။ ကိုယ့်မြေကိုယ့်ရွာမှာ ပြန်နိုင်ဖို့က ကျမတို့ မျှော်လင့်နေကြပေမဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရဆိုရင် ကျမတို့ မျှော်လင့်ချက်အတိုင်း ဖြစ်လာဖို့က ကြာဦးမယ် ထင်တယ်။”ဟု ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် နေထိုင်သူ နော်မူမူ(နာမည်ရင်းမဟုတ်)က ပြောသည်။
ကမာ္ဘ့ဒုက္ခသည်နေ့ရောက်တိုင်း “ကျမအတွက်တော့ ပျော်ရွှင်စရာမရှိဘူး။ တိုင်းပြည်မတည်ငြိမ်လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိ ခိုလှုံနေရ တဲ့ ဒုက္ခသည်တယောက် ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်အမှတ်ရစေတယ်”ဟု သူမက ဆိုပြန်သည်။
မြန်မာနိုင်ငံတွင် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းချုပ်ထားသည့် စစ်တပ်က တိုင်းရင်းသား ပြည်သူလူထုအပေါ် ကြီးနိုင်ငယ် ညှင်းဝါဒကို ကျင့်သုံးပြီး မတရားဖိနှိပ်အုပ်ချုပ်လာသဖြင့် ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားလာခဲ့ရသည်။ စစ်တပ်က တိုင်းရင်းသားဒေသများ တွင် အထူးသဖြင့် ကရင်ဒေသတွင် အင်အားသုံးပြီး နည်းအမျိုးမျိုးဖြင့် ထိုးစစ်ဆင်လာခဲ့သဖြင့် ဒေသခံ ပြည်သူလူထုများက အိုးမဲ့အိမ် မဲ့ဖြစ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် ဒုက္ခသည်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် သဘောတူလက်မှတ် ထိုးထားခြင်းမရှိသော် လူသားချင်း စာနာ သောအနေဖြင့် ၁၉၈၅ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်ရာမို၊ မယ်ရာအူး၊ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန့်ဒုံယန်းနှင့် ထမ်းဟင် စသည့် ကရင်ဒုက္ခသည် စခန်း(၇)ခုကို တည်ထောင်ကာ ယခုအချိန်ထိ ဒုက္ခသည်များကို ခိုလှုံနေထိုင်ခွင့်ပေးခဲ့သည်။
အဆိုပါစခန်းများတွင် လက်ရှိ ဒုက္ခသည်ပေါင်း (၁၄၀,၉၇၃)ဦးရှိနေသည်ဟု ကရင်ဒုက္ခသည်များ ကော်မတီ (KRC)က ပြီးခဲ့သော မေ လတွင် ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိသေးသောကြောင့် စခန်းများအတွင်း ဒုက္ခသည်ဦးရေသည် ပိုမိုတိုးများ လာကြောင်း ကရင်ဒုက္ခသည်များ ကော်မတီ (KRC) ဥက္ကဌ စောရောဘတ်ထွေးက ယခုလို ပြောသည်။
သူက “ပြည်တွင်းမှာ တည်ငြိမ် ငြိမ်းချမ်းမှုမရှိတာရယ်၊ ဆင်းရဲနွမ်းပါးတာရယ်ကြောင့် စခန်းတိုင်းမှာ တလကို လူသစ် ၁၀ဝက ၃၀ဝ အထိ ဝင်လာတယ်။ ကျနော်တို့ တိုင်းပြည်မှာ အေးချမ်းမှုမရှိသမျှတော့ ဒီဒုက္ခသည်တွေရဲ့ အခြေအနေကတော့ ဒီလိုပဲ ဆက်ရှိနေဦး မှာပဲ”ဟု ပြောသည်။
နိုင်ငံရေး တိုးတက်ပြောင်းလဲမှုမရှိသေးသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားဒေသများအတွင်း ပဋိပက္ခများ ဆက်လက် တည်ရှိနေသေး သရွေ့ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ၏ ပြဿနာသည် ကောင်းလာနိုင်သည့် အလားအလာ မရှိကြောင်း ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးအဖွဲ့များက ပြောဆိုနေကြသည်။
“လွန်ခဲ့တဲ့ ၁ဝနှစ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် အခြေအနေတွေဟာ တိုးတက်ကောင်းမွန်မလာဘဲ ဒီအတိုင်း ရှိနေတာကို တွေ့ရတယ်။ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ တခြားတိုင်းပြည်တွေကို တလမှာ ဒုက္ခသည် ၁,၀၀၀လောက် ပုံမှန် ထွက်နေပါ တယ်။ ဒါပေမဲ့ စခန်းထဲမှာ ကလေးငယ်တွေ ထပ်မွေးတာနဲ့ နောက် အသစ်ရောက်လာကြတဲ့ ဒုက္ခသည်တွေနဲ့ ပြန်နှိုင်းယှဉ်ကြည့်လိုက် ရင် ဝင်တာနဲ့ ထွက်တာက အတူတူလောက်ပါပဲ။”ဟု တီဘီဘီစီအဖွဲ့ ညွှန်ကြားရေးမှူး ဂျက်ဒန်းဖို့ဒ် (Jack Dunford) က ဗွီအိုအေကို ပြောသည်။
စစ်အစိုးရသည် တိုင်းရင်းသားလူထုများ၏ ဆန္ဒမပါဘဲ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ခုနှစ်၊ မေလက အ တည်ပြုလိုက်ပြီးနောက် အဆိုပါ ဖွဲ့စည်းပုံအတိုင်း ယခု ၂၀၁ဝခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည် ဖြစ်သည်။
စစ်အစိုးရတို့ စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်မဖြစ် မဆိုနိုင်သေးသော်လည်း ဒုက္ခသည်များအတွက်မှာမူ အထူးတ လည် တိုးတက်ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသော အဲန်ဂျီအိုအဖွဲ့တခုမှ အမည်မဖော်လို သူ တာဝန်ရှိသူတဦးက ယခုလို သုံးသပ်သွားသည်။
“ဒီ ၂၀၁၀ရွေးကောက်ပွဲ ပြီးသွားရင် ဒီမိုကရေစီရနိုင်မလားဆိုတာကို ကျနော် မပြောနိုင်ပေမဲ့ လူထုတွေကတော့ ဆိုးရွားတဲ့ အခြေအ နေနဲ့ ရင်ဆိုင်ရနိုင်တယ်။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေက ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါကြောင့် ၂၀၁ဝ ရွေးကောက်ပွဲက ယခု ထိုင်း -မြန်မာနယ်စပ်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ဘာမှအကျိုုးသက်ရောက်မှုရှိနိုင်မှာ မဟုတ်ဘူး”ဟု ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၁၉၉ဝခုနှစ်တုန်းက ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း နိုင်ငံကို အုပ်စိုးသူစစ်အာဏာရှင်များက အာဏာလွဲမပေးဘဲ ဆက်လက်အုပ်ချုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခုအချိန်ထိ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက် ချုပ်နှောင်ထားသည် မှာ ၁၄နှစ်ကျော် ရှိခဲ့ပြီဖြစ်သည့်အတွက် စစ်အစိုးရအပေါ် အများက ယုံကြည်မှု မရှိကြခြင်းဖြစ်သည်။
မြန်မာပြည်သား အပါအဝင် ကမာ္ဘတဝှမ်းရှိ နေရပ်စွန့်ခွာကြရသည့် ဒုက္ခသည်အရေးသည် စိုးရိမ်စရာကောင်းနေဆဲဖြစ်သည်ဟု ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဂူတဲရက်စ် (Antonio Guterres) က ဇွန်လ ၂ဝရက်နေ့တွင် ကျရောက်လာသည့် ကမာ္ဘ့ ဒုက္ခသည်များနေ့အတွက် ယခုလ ၁၅ရက်နေ့က ထုတ်ပြန်ထားသည့် သဝဏ်လွှာတွင် ပြောဆိုသွားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည်အများဆုံး နိုင်ငံ ၁ဝနိုင်ငံစာရင်းတွင် အဆင့် ၅အဖြစ် ပါဝင်နေပြီး အာရှနှင့် ပစိဖိတ်ဒေသတွင် ဒုက္ခ သည်အများဆုံးနိုင်ငံများအနက် ပါဝင်နေကြောင်း ဇွန်လ ၂ဝရက်နေ့တွင် ကျရောက်မည့် ဒုက္ခသည်များနေ့အတွက် အကြိုအဖြစ် UNHCR မှ ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။
စစ်အစိုးရအနေဖြင့် လက်ရှိဖြစ်ရှိနေသော တိုင်းပြည်၏ ပြဿနာများကို စစ်မှန်သော ဒီမိုကရေစီလမ်းစဉ်အပေါ် ဒီမိုကရေစီ အင်အား စုများနှင့်အတူ တိုင်းရင်းသားလူမျိုးစုများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ထင်သာမြင်သာသည့် တိုးတက်ပြောင်းလဲမှု ရှိလာမှသာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိခိုလှုံနေထိုင်ရသည့် ဒုက္ခသည်များ မိမိတို့ဌာနေဇာတိသို့ ပြန်လည်နေထိုင်နိုင်ပြီး မိသားစု သိုက်သိုက်ဝန်း ဝန်းနှင့် နွေးထွေးသည့်အိမ်တလုံးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


















