Home ကဗျာ ဓားစာခံ ပိတောက်

ဓားစာခံ ပိတောက်

1144
တောင်းထို့မိန်း

တတောတတောင်လုံး
ရွက်ခြောက်ကမ္ဗလာခင်း… လင်းပ
လောကဓာတ်တစ်ခွင်
စိမ်းရိပ်ပြိုဆင်လာ
နွေဇာတ်ထုပ်တော့
ကန့်လန့်ကာချဖို့ တကဲကဲပြင်
တဂျက်ဂျက်နဲ့
လေပွေအပူလုံးတွေ ရုန်းကြွ
ကုန်းထတဲ့ ဒီနွေရက်အိုတွေ
အပြင်းစား ပယင်းရောင်ဖြစ်သွားကြ
ဟိုမှာ … ၀ိုင်းစက်စက်
ချစ်သူ့ (ကောင်းကင်) မျက်နှာလေး
တိမ်လွှာပါး
သနပ်ခါးရည်လိမ်းသ
မိုးကြိုအပျိုမနှယ်
မူယာကြွယ် ယဉ်မရိုင်းဘု
မြွေတွန့်လိမ်
တစ်လှမ်းချင်းလျှောက်လာ
သူ့ခေါင်းမှာ ပန်နေကြ
ရွှေပိတောက်တွေက မလန်းသာ

ဒီအသစ်ရဲ့ ဖြစ်စဉ်မှာ
(ဇာတ်ဆရာရေ …)
တန်ခူးခင်မျာ ပါးစပ်အဟောင်းသားနဲ့
လကဆုန် အတာစားတာကြောင့်
မာဃရာဇာစိတ်ကွက်လို့
အမိုက်ဇာတ်ခင်းရှာပြီကွယ် … ရို့
သေချာတာတခုက
ပန်းနဲ့ ရာသီ သိဝရီသံကြိုးတုပ်
ရိုက်ချိုးခံရပြီ အဟုတ်ပေါ့…။

(၂၉-၄-၂၀၁၀)