ဒီဇင်ဘာ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကျရောက်သည့် ၂၇၄၉ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ မဂင်္လာပွဲတော်ကို ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း အပါအဝင် ပြည်တွင်းပြည်ပများ၌လည်း အသီးသီး ကျင်းပခဲ့ကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ စသည့် ကရင်ဒုက္ခသည်စခန်းများနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ထို့ကော်ကိုး၊ နို့ဖိုးထီးမူးထာ့၊ ဝေါ်လေဂွင်များ၊ မြဝတီမြို့နှင့် ရွှေကုက္ကိုကျေးရွာများအပြင် မဲဆောက်မြို့၊ မယ်တော်ဆေးခန်း ၌လည်း ၎င်းတို့၏ အစီအစဉ်အတိုင်း ကျင်းပခဲ့ကြသည်။
ယခုနှစ် မယ်လစခန်းတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ထူးခြားသည့် ငါးမျှားတံ(တခွဲဘိုး)တံခွန်တိုင်နှင့် အခြားရိုးရာ ယဉ်ကျေးမှုများကို ဖော်ထုတ်တင်ဆက်သွားခဲ့သည့်အတွက် ယခင်နှစ်ထက် ပိုစည်ကားကာ လူထုပရိသတ်ပေါင်း တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်ဟု စခန်းတွဲဖက်အတွင်းရေးမှူး စောရန်းကူးက ယခုလို ပြောသည်။
“ဒီနှစ် မယ်လစခန်းမှာ ကရင်နှစ်သစ်ကူးကျင်းပတာ အရင်နှစ်ထက် အတော်စည်ကား၊ ထူးခြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျိုး ဆက်သစ်လူငယ်တွေ မသိသေးတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်လည်ဖော်ထုတ်တာရှိတယ်။ ဥပမာအားဖြင့် ဒီမနက်မှာ ထောင်လိုက်တဲ့ တခွဲဘိုး(ငါးမျှားတံ တံခွန်တိုင်)လို ယဉ်ကျေးမှုကို သိတဲ့သူ အတော်ရှားတယ်လေ။ ဆိုလိုတာက မျိုးဆက်သစ် ကရင်လူငယ်တွေ မသိသေးတဲ့ ကရင်ယဉ်ကျေးမှုတွေ ဖော်ထုတ်ပြသတော့ လူစည်ကားတာပေါ့”ဟု သူက ဆိုသည်။
ဒုက္ခသည်စခန်း၌ ယခုလို ကရင်နှစ်သစ်ကူးနေ့တွင် မိမိယဉ်ကျေးမှုကို လွတ်လပ်စွာ တင်ဆက်ပြသနိုင်သော်လည်း ဖော်ထုတ်ခွင့်မရ သည့် နေရာဒေသ အများအပြား ရှိနေသေးကြောင်းနှင့် အချုပ်အခြာအာဏာရှိသည့် ကရင်ပြည်နယ်ရှိလာပါက ကရင်နှစ်သစ်ကူးကို ယခုထက်ပို၍ စည်ကားစွာ ကျင်းပနိုင်မှာ ဖြစ်ကြောင်း စောရန်းကူးက ဆက်ပြောသည်။
မယ်လနှစ်သစ်ကူးပွဲ လာရောက်သူ စောဆာ့ဖလယ့်မူးကလည်း “ထိုင်းမြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေထဲမှာ ကရင် နှစ်သစ်ကူးနေ့ကို ဒီလို စည်စည်ကားကား ကျင်းပတာ တခါမှ မတွေ့ဖူးဘူး။ ကျနော့်အတွက် ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ။ နောက် စခန်းမှာ ဒီလို ခမ်းခမ်းနားနားလုပ်တာကိုတွေ့တော့ စိတ်ထဲမှာ အရမ်းပျော်တယ်။ အထူးသဖြင့် ကျနော် မသိသေးတဲ့ ကရင့်ရိုးရာ ဓလေ့တွေကို ဖော်ထုတ်ပြသတာတွေ့ရတော့ ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်”ဟု ဆိုသည်။
နှစ်စဉ် စပါးပေါ်ချိန်တိုင်းတွင် စပါးစောင့်နတ် ဖီးဘူးယော်ကို ပူဇော်ပသခြင်းနှင့်အတူ ကျင်းပပြုလုပ်လေ့ရှိသည့် ကရင်နှစ်သစ်ကူးပွဲ တော်များတွင် ရိုးရာဒုံးယိမ်း၊ ဝါးညှပ်၊ တောင်ယာစူးထိုးအကများ၊ ရိုးရာနှင့် ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲများ၊ လက်ဝှေ့ အပါအဝင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ချောတိုင်တက်ခြင်း စသည့် အားကစားပြိုင်ပွဲများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။့
ကော့ကရိတ်မြို့နယ်၊ ကွင်းကလေး(နို့ဖိုးထီးမူးထာ့)နှင့် မဲ့ကနဲကျေးရွာတို့ စုပေါင်းပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် မဲ့ကနဲရွာမှ ဘာသာ ရေးဆရာတဦးက “ကျနော်တို့ ကရင်နှစ်သစ်ကူးဆိုတာ ကရင်တွေရဲ့ စုစည်းညီညွတ်ခြင်းကို ပြသတာဖြစ်လို့ ဘာသာခွဲခြားမှုမရှိပါ ဘူး။ အခုလို ရွာတွေစုပေါင်းပြီး လုပ်ဆောင်ခြင်းအားဖြင့် ကျနော်တို့လူမျိုးရဲ့ စည်းလုံးမှုကို ဖော်ဆောင်လိုက်တာပဲဖြစ်တယ်”ဟု ပြောသည်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၁ဝခုနှစ်သည် ကရင်အမျိုးသားများအတွက် စိုးရိမ် ဖွယ်ကောင်းသည့် နှစ်တနှစ်ဖြစ်ကြောင်း၊ ကေအဲန်ယူသည် တိုင်းရင်းသားလူမျိုးများအတွက် မည်သည့်အာမခံချက် အခွင့်အရေးမှ မပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုသည်ကို ဆန့်ကျင်နေကြောင်း၊ နိုင်ငံရေးအရ ရုန်းကန်တိုက်ပွဲဝင်မှုသည် ကရင်အမျိုးသားများ၏ ဘဝကံကြမ္မာနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် ကရင်လူမျိုးတိုင်း၏ အမျိုးသားရေးတာဝန်ဖြစ်၍ အောင် ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းထားသည်။
ယခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို နယ်စပ်ဒေသတဝိုက်အပြင် မြန်မာပြည်တွင်းရှိ ရန်ကုန်၊ ဖားအံ၊ ဖာပွန်၊ ဘီးလင်း စသည့်မြို့များနှင့် အဂင်္လန်၊ နယူးဇီလန်၊ မလေးရှား၊ ဩစတြေးလျား၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ကိုးရီးယား စသည့်နိုင်ငံများ၌လည်း ကျင်းပခဲ့ကြ ကြောင်း သိရှိရသည်။
သလေ(ပြာသို)လဆန်း ၁ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ကို အတည်ပြုနိုင်ရေးအတွက် ကရင်အမတ်များဖြစ်ကြ သည့် စောဂျွန်ဆင်ဒီဖိုးမင်း၊ စောမြတ်သိန်း၊ မန်းဘခိုင်၊ စောဆစ်ဒနီလူနီ၊ စောဖေသာ၊ စောကံအေး၊ မန်းထွန်းခင်၊ မန်းရွှေညွှန့်၊ စော သာဒွေး၊ ဦးဖိုးမျှင်၊ စောဖိုးချစ်နှင့် ဦးလှဖေတို့က ကြိုးပမ်းခဲ့ရာ ၁၉၃၈ ခုနှစ်တွင် တရားဝင်နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး စောစံစီဖိုး၊ မန်းရွှေဘနှင့် ဆရာစံဘော်တို့က ကရင်နှစ်သစ်ကူးနေ့ ရရှိအောင် ကူညီစွမ်းဆောင်ပေးခဲ့သည်။