အောက်တိုဘာလ ၁ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ၊ တပ်မဟာ (၇)နယ်မြေနှင့် ဆက်စပ်နေသည့် ထိုင်း-မြန်မာနယ်စပ်နေရာများတွင် ထိုင်းစစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့အကြား လွန်ခဲ့သည့်နှစ်ရက်က နှစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့ပြီး ဒီကေဘီအေက နယ်စပ်သွားလာရေးကို အနည်းငယ် ကန့်သတ်လိုက်သည်။
ထိုအခြေအနေအပေါ် ဒီကေဘီအေဘက်မှလည်း ထိုင်းရွာသားများ မြန်မာဘက်ကမ်းသို့ ဝင်ထွက်သွားလာမှုများကို အောက် တိုဘာလ ၈ရက်နေ့က တန်ပြန်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု နယ်စပ်အခြေအနေကို စောင့်ကြည့်နေသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၂)မှ ဒုတပ်ရင်းမှူးဗိုလ်မှူးစောဒီ့ကွယ်က ယခုလို ပြောသည်။
၎င်းက “ဒီလ (၂)ရက်နေ့က ဒီကေဘီအေတွေ ထိုင်းဘက်ကိုကူးပြီးတော့ နိုဘိုးရွာသားတွေရဲ့ သွားရာလမ်းကို ဆွဲမိုင်း(၄)လုံး လာ ထောင်ထားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိုင်းက တော်တော်လေး မကျေမအေးဖြစ်ခဲ့တယ်။ အဲဒါကြောင့် ထိုင်းစစ်တပ် ကလည်း ဒီလ (၄)ရက်နေ့ကနေစပြီးတော့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ ရိက္ခာတင်သွင်းမှုကို ပိတ်ပစ်လိုက်တယ်။ ဒီကေဘီအေ ကလည်း ထိုင်းဘက်ခြမ်းက ရွာသားတွေကိုလည်း မြန်မာဘက်ခြမ်းကို သွားခွင့်မပေးတော့ဘူး။ မြန်မာပြည်က ရွာသားတွေကို လည်း ထိုင်းဘက်ခြမ်းကို လာခွင့်မပေးတော့ဘူး”ဟု ပြောသည်။
ထိုဒေသတွင် လှုပ်ရှားနေသော ဒီကေဘီအေ (၉၉၉)မှ တပ်ရင်း (၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလိုက်သိန့်က “ကျနော်တို့ ဒီလို လုပ်ရတဲ့ အကြောင်းရင်းက ခေါင်းပေါင်းပြာ(ကေအဲန်အယ်လ်အေ)တပ်ဖွဲ့ဝင်တွေ ဖြတ်သွားဖြတ်လာများလို့ ကျနော်တို့ လုပ်ရ တာပါ”ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းစစ်တပ်မှ တာဝန်ရှိသူများနှင့် ဒီကေဘီအေတပ်ဖွဲ့မှ တာဝန်ရှိသူတို့က မြဝတီမြို့နယ်၊ ရွှေ ကုက္ကိုကျေးရွာရှိ ဒီကေဘီအေ (၉၉၉) ဗျူဟာဌာနချုပ်တွင် ယမန်နေ့က ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့မနက်မှစ၍ နှစ် ဖက်နယ်စပ် ဝင်ထွက်သွားလာနေသည့် ထိုင်းရွာသားများကို ဒီကေဘီအေတပ်များက ဓါတ်ပုံရိုက်ယူပြီးမှသာ သွားခွင့်ပြုသည် ဟု ကိုယ်တိုင်သွားလာနေသည့် ထိုင်းရွာသားများက ပြောသည်။
အသက် ၆ဝအရွယ်ရှိ အမည်မဖော်လိုသူ နိုဘိုးရွာသူ အမျိုးသမီးကြီးတဦးက “သူတို့ မလာခင်တုန်းက အဘွားတို့ သွားလာနေ ကျပဲ။ ဘယ်ခွေးမှ မဟောင်ဘူး။ အခုကျမှ ဓါတ်ပုံရိုက်ပြီးမှသွားလို့ရတယ်။ ဓါတ်ပုံမရိုက်ရင် တောင်ယာကို လုံးဝ သွားလို့မရ ဘူး။ တောင်ယာက ဟိုဘက်ကမ်းမှာရှိတော့ မသွားရင် ထမင်းငတ်မယ်။ သွားတော့လည်း ခေါင်းပေါင်းဝါ(ဒီကေဘီအေ)ကို ကြောက်ရ။ တောင်ယာထဲမှာလည်း မိုင်းဗုံးကြောက်ရနဲ့”ဟု ကေအိုင်စီကို ပြောသည်။
ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာများမှ ရွာသားအများစုသည် ယခင်ကတည်းက မြန်မာနိုင်ငံဘက်ခြမ်းတွင် လယ်ယာ၊ တောင် ယာ၊ ပြောင်းခြံနှင့် မြေပဲခြံများ သွားရောက်လုပ်ကိုင်နေကြပြီး ယခုလို ထိုင်းနယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေတို့အကြား ဖြစ် ပွားခဲ့သည့် ပြဿနာသည် အပြစ်မဲ့ ရွာသားများနှင့် မသက်ဆိုင်သောကြောင့် ဒီကေဘီအေ၏ လုပ်ရပ်မှာ လုံးဝ အဓိပ္ပါယ်မရှိ ကြောင်း နိုဘိုးရွာသူတဦးက ကောက်ချက်ချသည်။
ယခုလ အစောပိုင်းကလည်း ဒုဗိုလ်မှူးကြီးစောဖိုးကလိ ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၉၉၉) တပ်ရင်း(၅)အဖွဲ့သည် မဲ့တရီရွာသားများ၏ စက်လှေနှစ်စင်းကို ၎င်းတို့ရေပိုင်နက်ဘက်ခြမ်းသို့ အကြောင်းမဲ့ ယူဆောင်သွားခဲ့ရာမှ ယခုအချိန်ထိ ပိုင်ရှင်ရွာသားများထံ ပြန်လည်အပ်နှံခြင်း မရှိသေးကြောင်း ရွာသားများက ပြောဆိုနေကြသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့တရီ၊ မဲ့သဝေါ၊ နိုဘိုး၊ အူးသူးထ၊ တိုထာ့၊ မဲ့အူစူ၊ ထီးနီခို စသည့်ကျေးရွာများသည် ဇွန်လအစောပိုင်းက နအဖ ဒီကေဘီအေ ပူးပေါင်းတပ်တို့၏ ထိုးစစ်ကြောင့် ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ဒေသခံကရင်ရွာသား ၄‚၀၀ဝ ကျော် လာရောက်ခိုလှုံလျှက်ရှိသည့် ထိုင်းဘက်ကမ်းမှ ကျေးရွာများ ဖြစ်သည်။