အောက်တိုဘာ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကို ဖြတ်သန်း၍ နယ်စပ်စီးပွားရေး ကုန်သွယ်မှုနှင့် ခရီးသွားလာရေး ပိုမိုတိုးတက်လွယ် ကူစေရန် ရည်ရွယ်ကာ နောက်ထပ် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားသစ်တခုကို ထပ်မံ တည်ဆောက်သွားရန် ထိုင်းအစိုးရ က အတည်ပြုလိုက်ပြီဟု သိရသည်။
အဆိုပါ ချစ်ကြည်ရေးတံတားကို နယ်စပ်မြို့နှစ်မြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တို့တွင် တည် ဆောက်ရန် ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုပြုချက်အား အစိုးရလွှတ်တော်က အောက်တိုဘာလ (၆)ရက် နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
မဲဆောက်မြို့တွင် အထူးစီးပွားရေးဇုံ ဖြစ်လာစေရေးအတွက် တံတားသစ်တည်ဆောက်ရေးမှာ ဘတ်ငွေသန်းပေါင်း ၄၀ဝ အကုန်အကျခံမည်ဖြစ်ပြီး တံတားလမ်း၏ အကျယ်အဝန်းမှာ ဧက ၃,၂၀ဝခန့်၊ ၄လမ်းသွားအကျယ်ဖြင့် တည်ဆောက်သွားမည် ဟု ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး (Alongkorn Ponlaboot)၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ် သတင်း စာတွင် ဖော်ပြထားသည်။
သူက “ဒီတံတားပြီးရင် ကျနော်တို့နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြှင့်သွားမှာ ဖြစ်တယ်။ ကမ္ဘာတဝှမ်း စီးပွားရေးကျဆင်းနေပေမယ့် ဒေသတွင်း ကုန်သွယ်မှုကတော့ တိုးတက်လာမယ့် အလားအလာရှိပါတယ်။ ကျနော်တို့ စီးပွား ရေးဇုံသစ် ဖွင့်လှစ်တဲ့အခါ တနှစ်ကို လက်ရှိကုန်သွယ်မှု ဘတ်ငွေသန်းပေါင်း ၂သောင်းကနေ ၄သောင်းအထိ နှစ်ဆရဖို့ တွက် ထားတယ်။ ဒါတောင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အခြား အခွန်ဝင်ငွေတွေ မပါသေးဘူး”ဟု ပြောဆိုသွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၌ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးပမာဏမှာ မြဝတီမြို့ဘက်ခြမ်းတွင် ဘတ်ငွေသန်းပေါင်း ၁၄၄,၀၀ဝ ရှိပြီး မဲဆောက်မြို့ဘက်ခြမ်းတွင် ဘတ်ငွေသန်းပေါင်း ၂၀,၀၀ဝရှိကြောင်း သိရသည်။
ယခု အသစ်ဆောက်လုပ်မည့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကို ထိုင်းအစိုးရက မြန်မာစစ်အစိုးရ၏ သဘောတူညီ မှု ရရှိရန် ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် လက်ရှိ မဲဆောက်-မြဝတီတံတား၊ မဲ့ဆိုင်-တာချီလိတ်တံတားဟူ၍ စုစုပေါင်း တံတား (၂) ခု တည်ရှိထားပြီး ယခုနှစ် စက်တင်ဘာလကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ မဲ့ဟောင်ဆောင်ပြည်နယ်၊ မောင်းခရိုင် တွင် Nam Piang Dim ယာယီနယ်စပ် စစ်ရေးဂိတ်ကို ဖွင့်လှစ်ခဲ့သည်။
ဓာတ်ပုံအညွှန်း- လက်ရှိ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား