ဩဂုတ်လ ၂ဝရက်။ နန်းထူးစံ(ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိကာ အိမ်ဖော်အလုပ်ဖြင့် အလုပ်လုပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုချိန်အထိ အိမ်ကို မပြန်နိုင်သေးဘဲ ဖြစ်နေပြီး အိမ်တွင် မိသားစုများနှင့် အေးအေးဆေးဆေး ပြန်နေချင်ပြီဟု ဆိုသည့် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတိုက်နယ်သူ နန်းလင်းလင်း(နာမည်ရင်းမဟုတ်)က ဆိုသည်။
သူမက “ထိုင်းနိုင်ငံမှာ ရောက်လာတာ (၄)နှစ်ရှိသွားပြီ၊ သူဌေးအိမ်မှာ သန့်ရှင်းရေး၊ ထမင်းချက် လုပ်ရတာ ဝပြီ၊ တလမှာ ဘတ်(၆,၀၀၀) ရပေမဲ့ အိမ်ကိုပို့လိုက်၊ စားလိုက်နဲ့ ဒီလိုပဲ သံသရာလည်နေတော့ အိမ်ကို ဘယ်တော့ ပြန်ဖြစ်မလဲဆိုတာ မသိတော့ဘူး။ အိမ်ကို အရမ်းပြန်ချင်တယ်” ဟု ရင်ဖွင့်ပြောဆိုလာသည်။
နန်းလင်းလင်းသည် လူငယ်တဦးဖြစ်သည့်အတွက် ပညာဆက်လက်သင်ယူချင်သော်လည်း မိသားစု စားဝတ်နေရေး အခက်အခဲ ကြောင့် ကျောင်းပညာကို (၉)တန်းအထိသာ သင်ယူခဲ့ပြီ်း ထိုင်းနိုင်ငံအတွင်းသို့ သူငယ်ချင်းများနှင့်အတူ လိုက်ပါခဲ့ခြင်းဖြစ်သည်။
အသက် (၂၂)နှစ်အရွယ်ရှိ နန်းလင်းလင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၀၆ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး ထိုင်းသူဌေးမိ သားစု တစု၏အိမ်တွင် အိမ်ဖော်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ရရှိသည့်လုပ်ခ တဝက်ကျော်ကို ရွာတွင်ကျန်ရှိသူ အမေအိုနှင့် ကျောင်းနေ ညီမလေးတို့၏ အိမ်အသုံးစရိတ်၊ ကျောင်းရိတ်အတွက် ပို့ပေးနေရသည်။
ထိုကဲ့သို့ အိမ်ကို လစဉ်ငွေပို့ပေးသော်လည်း မြန်မာနိုင်ငံတွင် ဝယ်ယူစားသုံးရသည့် အခြေခံစားသုံးကုန်၊ အသုံးအဆောင်ပစ္စည်း များ၏ ဈေးနှုန်းများက ကြီးမြင့်၊ ညီမဖြစ်သူ ကျောင်းစရိတ်ကလည်း အကုန်အကျများသည့်အတွက် လုံလောက်မှုမရှိသည့်အပြင် ဒေသတွင်း အုပ်ချုပ်သူ အာဏာပိုင်းများ၏ အခွန်ကောက်ခံမှုကိုလည်း ပေးဆောင်ရသည်ဟု ဆိုသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံတိုက်နယ်အတွင်း နအဖ တပ်၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(ကေပီအက်ဖ်)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့များက အခြေချ လှုပ်ရှားလျက်ရှိသည်။
အဆိုပါ တပ်များက ၎င်းတို့တပ်ဖွဲ့များ စားသုံးရန် ရိက္ခာ၊ နေထိုင်ရန် စခန်း၊ အဆောက်အအုံများအတွက် ကုန်ကျစရိတ်များကို ရွာသူရွာသားထံတွင် ကောက်ယူခဲ့သည့်အပြင် ၎င်းတို့၏ လုပ်ငန်းလှုပ်ရှားမှုများတွင်လည်း ဒေသခံရွာသားများကို ခေါ်ယူခိုင်းစေခဲ့သည်ဟု သိရသည်။
ထို့အပြင် ရွာသူရွာသားပိုင် လယ်ယာ၊ အိမ်မြေယာနှင့် ခြံများကိုလည်း ဒေသတွင်းရှိ အာဏာပိုင်များအား နှစ်စဉ်အခွန်ဆောင်နေရ သည်။
“ကျမတို့ရွာမှာက အုပ်ချုပ်တဲ့အဖွဲ့တွေက များတော့၊ နအဖ ကလည်း ဘာခွန်ညာခွန်နဲ့ ခဏခဏကောက်တယ်။ ဒီကေဘီအေက လည်း စစ်ကြေးလာ၊ ပေါ်တာကြေးလား ကောက်ပြန်ပြီ။ ကေပီအက်ဖ်လည်း အဲသလိုပဲ သူ့နည်းသူ့ဟန်နဲ့ ကောက်ကြတာ” ဟု နန်းလင်းလင်းက ပြောဆိုကာ “ဒီဝဋ်ကြွေးကနေ ဘယ်တော့ လွတ်မှာလဲဆိုတာ မသိတော့ဘူး”ဟု ငြင်းညူပြောဆိုသွားသည်။
ထိုဒေသရှိ ရွာသူရွာသားများသည် လယ်ယာနှင့် ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်စားသောက်ကြပြီး ထိုသို့လုပ်ကိုင်စား သောက်ရာတွင် ယခင်က မိသားစုအတွက် ဖူလုံမှုရှိသော်လည်း ယခုအချိန်တွင် ပြည်တွင်း စီးပွားရေးကျဆင်းမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အဘက်ဘက်မှ အကောက်အခွန်များ ပေးဆောင်ရမှုတို့ကြောင့် ယခင်ကလို ဖူလုံမှုမရှိပေ။
စစ်အစိုးရက မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိ ကြောင်း ၎င်းတို့ပိုင် သတင်းမီဒီယာများတွင် နေ့စဉ် ထည့်သွင်းပြောဆိုလေ့ရှိသည်။ သို့သော်လည်း နန်းလင်းလင်း နေထိုင်သည့် ဒေသများတွင် အုပ်ချုပ်သူအစိုးရက မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းမှ လုပ်ဆောင်ပေးခြင်း မရှိဘဲ ရွာသူရွာသားများက မွဲသထက် မွဲလာလေသည်ဟု ဆိုလေသည်။
စီးပွားရေးအခက်အခဲကြောင့် မိသားစု စားဝတ်နေရေး ဖူလုံရန်အတွက် မိဘများ၏အပူမှ သားသမီးများသို့ ကူးဆက်သွားပြီး ကရင် ပြည်နယ်အတွင်းရှိ လူငယ်အမြောက်အများက ပညာကို ဆုံးခန်းတိုင် မသင်ယူနိုင်ဘဲ အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာ ကာ ကြီးမားသည့် မိသားစုတာဝန်ကို ထမ်းဆောင်နေကြရသည်။
တချို့သော မိဘများက အဆိုပါ စားဝတ်နေရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာမှာ ၎င်းတို့၏ သားသမီးများကို မှီခိုအားထားလာကြပြီး အရွယ်ရောက်လာသည့် သားသမီးများကို ဝင်ငွေအနည်းငယ်ကောင်းသည့် ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်ရန် ဖိအားပေးလာသည်လည်း ရှိသည်။
ထိုသို့ ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာသည့် လူငယ်များသည် ရရာအလုပ်ကို ဝင်လုပ်ကြရပြီး အမျိုးသားများက ကျပန်း နေ့စားအ လုပ်များ၊ ဆောက်လုပ်ရေးအလုပ်များ၊ သံချက်သည့် အလုပ်များ စသည်ဖြင့် ကြမ်းတမ်းသည့် လုပ်ငန်းများကို လုပ်ကိုင်ကြရကာ၊ အမျိုးသမီးများမှာမူ အိမ်ဖော်၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ စက်ရုံအလုပ်ရုံများတွင် ရှိသည့်အလုပ်များကို လုပ်ကိုင်ကြရင်းဖြင့် ရသည့်လုပ်ခများကို အိမ်မှ မိသားစုများကို ထောက်ပံ့နေကြသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ကာ အလုပ်များ ရှာဖွေလုပ်ကိုင်နေသည့် မြန်မာပြည်သား (၄)သန်းခန့် ရှိနေသည်ဟု သိရပြီး ၎င်းတို့အနက် နယ်မြေမကျွမ်းကျင်မှုနှင့် ဘာသာစကားပြဿနာကြောင့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရကာ ဘဝပျက်ခဲ့ရသည့်သူများလည်း ရှိသည်ဟု သိရသည်။
သို့သော်လည်း ရရာအလုပ်ကို လုပ်ရင်းဖြင့် နှစ်ပေါင်းကြာလာသော်လည်း နန်းလင်းလင်းကဲ့သို့ အိမ်ပြန်ရန် အခြေအနေမပေးသည့် သူလည်း အများအပြားရှိနေသည်။
နန်းလင်းလင်းကတော့ အိမ်ကိုလွမ်းရင်းဖြင့် မိသားစု စားဝတ်နေရေး ပြေလည်စေရေးအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆက်လက်ပြီး အလုပ်လုပ်ရဦးမည်ဟု ဆိုသည်၊