စောဗစ်တာလင်း – ၂၇နှစ်
ဇာတိ – ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ဝေဆွဲကျေးရွာ။
ပညာအရည်အချင်း – Philosophy
မောင်နှမ ကိုးယောက်မှာ ကျနော်က သုံးယောက်မြောက်။ ငယ်ငယ်တုန်းကတော့ ရွာမှာပဲ ခြောက်တန်းအထိ ကျောင်းနေခဲ့တယ်။ အထက်တန်းရောက်တော့ တောင်ငူမှာသွားနေပြီး ဆယ်တန်းအောင်ခဲ့တယ်။ အစကတော့ ရည်ရွယ်ချက်က အတည်တကျ မရှိခဲ့ဘူး။ ဒါပေမယ့် တော်လှန်ရေး ထဲရောက်တော့ ကိုယ့်လူမျိုးတွေရဲ့ အခြေအနေ၊ တောထဲတောင်ထဲ ပြေးရတဲ့ ကိုယ့်လူမျိုးတွေ အခြေအနေတွေ ကျနော် သိလာပြီး ပေးဆပ်ချင်တဲ့စိတ်က ထက်သန်လာတယ်။ တော်လှန်ရေးထဲ ရောက်လာတော့ ပထမဆုံး မြို့နယ်အဆင့် ကရင်လူငယ် အစည်းအရုံးမှာ ကျနော် လုပ်ခဲ့ပြီး အခု လောလောဆယ် ကေဝိုင်အို ဗဟိုမှာပဲ ကျနော် ဝိုင်းပြီးလုပ်တယ်။ ၂၀၀၅ ခုနှစ်က ကေဝိုင်အိုကို စရောက်တယ်။
ရှေ့ဆက်ပြီး ကိုယ့်လူမျိုးအတွက် နိုင်သလောက် လုပ်သွားဖို့ ကျနော် ရည်ရွယ်ထားတယ်။ ကေဝိုင်အို ဆိုတာလည်း တော်လှန်ရေးအတွက် အစိတ်အပိုင်း တခုပဲလေ။ ကျနော်တို့ရဲ့ မိခင် ကေအဲန်ယူ အဖွဲ့အစည်းအတွက်၊ အနာဂတ် မျိုးဆက်သစ်တွေအတွက် ပေးဆပ်ပြီး လုပ်ရင်းသင်ရင်းနဲ့ ကိုယ့် လူငယ်တွေကို ထပ်ပြီးတော့ မွေးထုတ်သွားမယ်။
ဒီနယ်စပ်မှာ ရှိတဲ့လူငယ်တွေ တတိယနိုင်ငံ ထွက်သွားတာကို တပိုင်းပြန်ကြည့်မယ်ဆိုရင် ကောင်းတယ်။ ဘာဖြစ်လဲဆိုတော့ လူငယ်တွေက ပညာနဲ့ပတ်သက်ပြီးတော့ အားနည်းတယ်၊ ပညာရှိမှပဲ သူများက ကိုယ့်ကိုလေးစားမယ်၊ တနေ့နေ့ တချိန်ချိန်လည်း ကျနော်တို့ အမျိုးသားကို ပြန်ကူညီနိုင်မယ်၊ လူငယ်တွေထဲမှာ နိုင်ငံခြားကို တချို့သွားပြီး တချို့တော့ ကျန်ရစ်ခဲ့ရမယ်လို့ ထင်တယ်၊ ဘာဖြစ်လဲဆိုတော့ ဟိုအရင်က သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ လူမျိုးတွေဟာ အခြားလူမျိုးတွေရဲ့ ဖိနှိပ်မှုကို တောက်လျှောက် ခံလာခဲ့ရတယ်လေ။ ဟိုး တရုတ် နိုင်ငံကနေ၊ မြန်မာနိုင်ငံအထိ၊ အခု ထိုင်းနိုင်ငံကို ရောက်နေပြီ၊ တခါ ထိုင်းနိုင်ငံကနေ အခြားနိုင်ငံကို ရောက်နေကြပြီလေ။ ဒါကြောင့် ကရင်လူမျိုး တယောက် အနေနဲ့ ကျနော့်မှာ တာဝန်ရှိတယ်။ ကျနော်တတ်နိုင်တဲ့ အခန်းကဏ္ဍ ကနေပြီးတော့ တတ်နိုင်သလောက် ကျနော် လုပ်ဆောင်သွားအုံးမယ်။