မဲ့လာအားခီးရွာသူကြီး စောတင်လှ
“ရန်သူ (နအဖနှင့် ဒီကေဘီအေ) ဝင်လာ တော့မယ်လို့ ကြားတာနဲ့ ကျနော်တို့ တရွာ လုံးလည်း ဘာမှယူမခင်တော့ဘဲ ထွက်ပြေး လာခဲ့တယ်။ အရင်က သူတို့ ဝင်လာရင် ကျနော်တို့ကို မေးမြန်း၊ ရိုက်နှက် သတ်ဖြတ်တာတွေ လုပ်တာ ခံခဲ့ရဘူးတော့ သူတို့လာပြီဆိုရင် ကျနော်တို့က ဘယ်လိုမှ ရင်မဆိုင်ရဲတော့ဘူး။ အခုလည်း ကျနော်တို့ ထွက်ပြေးလာပြီး နောက်ပိုင်း ရွာက နေအိမ်တွေကို ခေါင်းပေါင်းဝါ အဖွဲ့က ဖျက်လိုက်ပြီလို့ ကြားတယ်။ ဒီကောင်တွေကို ပြန်တိုက်ဖို့ပဲ ရှိတော့တယ်။ အဲလိုတိုက်လို့ သေသွားလည်း ဘာမှမဖြစ်ဘူး။ မှန်တာလုပ်တာပဲ”

စေဖိုးခီး ဘော်ဒါဆောင် ကျောင်းဆရာ စောမူးကပေါ်
“ကျနော်တို့က ဘော်ဒါဆောင်က ဖွေးထားရို့၊ သနေးဖိုးကလား၊ ဝါးမီကလား၊ ထီးကဟော၊ မဲ့လာ အားထာ့၊ ပိုးပွာ့လေး၊ စေဖိုးခီး၊ ပနွယ်ပူက ကလေးတွေ ကျောင်းနေကြတယ်။ ကလေးတွေက အသက် ၅နှစ်ကနေ ၁၅နှစ်အထိ ရှိတယ်၊ ကျောင်းက ဖွင့်လာတာ ၅နှစ်ရှိပြီ။ ဒီလိုမျိုး တခါမှ မထွက်ပြေးဖူးဘူး။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်မှာ ဗမာစစ်တပ်က သူတို့လူ ဆွဲမိုင်းထိလို့ ကျနော်တို့ ကျောင်းရှိတဲ့ ရွာဘက်ကို ဝင်လာတယ် ကြားလို့ ကျနော်နဲ့ ဆရာမ တယောက်လည်း ကလေးတွေ အားလုံးကို ပါအောင်ခေါ်ပြီး ထွက်ပြေးလာရတာပဲ။ အဲဒီနေ့က ကျနော်တို့ဟာ ကလေးတွေကို ကျောင်းစာအုပ်တွေ ဝေပေးပြီးခါစပဲ ရှိသေးတယ်။ စာတောင်မှ မသင်ရသေးဘူး။ ထမင်း ချက်ပြုတ် နေတုန်းမှာ အိုးတွေ ခွက်တွေ ကျောင်းစာအုပ် လွယ်အိတ် အကုန်ထားခဲ့ပြီး အဝတ်တထည် ကိုယ်တခုစီနဲ့ပဲ ထွက်ပြေး လာခဲ့ရတယ်။ ကလေး တယောက် နှစ်ယောက်လည်း လမ်းမှာ အဖျားတက်လာတယ်။ အခုဆို လဲစရာ အဝတ်လည်း မရှိ၊ ခြုံစရာ စောင်လည်း မလောက် ဖြစ်နေတယ်လေ။ ကလေးတွေဟာ စာလည်း မသင်ရ။ မိဘတွေနဲ့လည်း ခွဲခွာပြီး ထွက်ပြေး လာရတော့ သူတို့အတွက် ကျနော် စိတ်မကောင်း ဖြစ်မိတယ်”
အသက် ၇ဝ နီးပါးအရွယ် ရွာသူအမျိုးသမီးကြီးတဦး
“တို့တွေ တောင်ပေါ်မှာ အေးအေးဆေးဆေး တောင်ယာခုတ်စားပြီး နေထိုင်နေတာပဲလေ။ ကိုယ့် ရွာလေးကလွဲပြီး ဘယ်မှလည်း မသွားဖူးဘူး။ ဒါပေမဲ့ ဗမာစစ်တပ်တွေ လာရင် ငါတို့ကို သေနတ်နဲ့ ချိန်တယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်။ ငါတို့က ဗမာ စကားမှ နားမလည်တာ။ ဘာတွေပြောမှန်းလဲ ငါတို့မသိဘူး၊ ဒါပေမဲ့ သေနတ်နဲ့ ချိန်ထားတော့ ကြောက်တာပေါ့။ ငါတို့ရွာက ယောက်ျားလေးတွေ ဆိုရင် အမြဲတမ်း သူတို့နောက်ကို ပေါ်တာလိုက် ပေးနေရတယ်။ ခေါင်းပေါင်းဝါ တပ်တွေလည်း ပေါ်တာ ခေါ်တာပဲ။ ကြာတော့ မသွားနိုင် တော့ဘူး။ အခုလည်း သူတို့လာတယ် ဆိုလို့ ငါတို့ ကြောက်ပြီး ထွက်ပြေးလာတာပဲ”
တပ်မဟာ(၇) ဌာနချုပ်မှ ကေအဲန်အယ်လ်အေ တပ်သားတဦး
“ဒီကေဘီအေက ဗမာစစ်တပ်ကိုတော့ ‘ပ သကော်’ သူငယ်ချင်းတဲ့။ ဗမာကို သူငယ်ချင်း ခေါ်ပြီး ငါတို့ ကရင်အချင်းချင်း ကျတော့ လာပစ်နေတယ်။ တို့ကို လာမတိုက်နဲ့၊ ဗမာစစ်သားတွေကိုပဲ လာခိုင်းဆိုတော့လည်း သူတို့ပဲ ရှေ့က တက်လာတယ်၊ မတတ်နိုင်ဘူး၊ အနီးကပ် ဖြစ်လာရင်တော့ ပစ်ရတော့မှာပဲ။ ဗမာခွေးဖြစ်ပြီး ကိုယ့်လူမျိုး အချင်းချင်းနဲ့ ကိုယ့်လူထုကို နှိပ်စက်နေတယ် ဆိုတော့ ညှာတာနေလို့လည်း မရတော့ဘူး။ သူတို့က သွေးချင်းစိတ်မှ မရှိကြတော့တာကိုး”

ထီးပယ်ကျေးနယ် ရွာသူကြီး စောကျော်ပိ
“ဗိုလ်ဖားနွီး ဦးဆောင်တဲ့ ခေါင်းပေါင်းဝါအဖွဲ့က ကျနော်တို့ ရွာသားတွေကို စုခေါ်ပြီး နင်တို့ မြို့နယ် နှစ်ခုက ရွာသားအယောက် ၆၀၅ ယောက်ကို စစ်သားသစ်အဖြစ် ဇွန်လအတွင်း တပ်မဟာ (၉၉၉) ဌာနချုပ် မဲသိမ်ကို လာပို့ပေးရမယ်လို့ ပြောတယ်။ ကျနော်တို့ ရွာသားတွေက စစ်ထဲ မဝင်ချင်ဘူး။ လိုအပ်လို့ ဝင်ရမယ် ဆိုရင်လည်း တဖွဲ့တည်းရှိရင် ဝင်နိုင်တာပေါ့၊ အခုဟာက ခေါင်းပေါင်းဝါ အဖွဲ့က ဗမာစစ်တပ်နဲ့ ပေါင်းတော့ ကျနော်တို့ စစ်သားလုပ်ရင် ကရင်အချင်းချင်းပဲ ပြန်ပစ်ခတ် ရမယ်လေ။ ဒါကြောင့် တရွာလုံး ဘယ်သူမှ မဝင်နိုင်လို့ လယ့်ဘော်ဟဲကို ထွက်လာခဲ့တာပဲ”
မဲ့လာအား ရွာသူ
“အရင်ကလည်း ဗမာစစ်တပ်လာရင် ပေါ်တာဆွဲလို့ တခါတလေ မိန်းမတွေတောင် သွားပေးရတယ်။ ရွာသားတွေကို အများကြီး ပေါ်တာ ခေါ်တဲ့အခါ အားလုံး ထွက်ပြေး ကြတာပဲ၊ အခုလိုလည်း ခဏခဏ အရင်က ထွက်ပြေးခဲ့ဘူးတယ်၊ ထိုင်းနိုင်ငံထဲတော့ မရောက်လာခဲ့ဘူး၊ နောက်ပြီး အိမ်ကပစ္စည်းတွေလည်း နိုင်သလောက် သယ်လို့ ရသေးတယ်၊ အခုတခါ ထွက်ပြေး ရတာကတော့ ဘာဆိုဘာမှလည်း ယူမအားတော့ဘူး၊ ရောက်လာ တာကလည်း သူများနိုင်ငံထဲမှာ၊ အခုလို မိုးတွင်းမှာ ငါတို့က တနှစ်စာအတွက် စပါးစိုက်ဖို့ လုပ်နေရတာ၊ အခုလို ထွက်ပြေးရတော့ စပါးစိုက်လို့ဘယ် အားတော့မလဲ၊ နောက်နှစ် အတွက်လည်း ဘာနဲ့သွားစား တော့မလဲ၊ ငါတို့ နွားတွေလည်း အခုလောက်ဆို သူတို့ ဆွဲသွားလောက်ရောပေါ့၊ ဒါကြောင့် ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်၊ ဒါပေမဲ့ ပြန်လည်း မရဲသေးဘူး”
မှတ်ချက်။
ရင်ဖွင့်သံများထဲတွင် သုံးနှုန်းထားသည့် “ဗမာ” ဆိုသည်မှာ နအဖ စစ်အစိုးရ တပ်ဖွဲ့ဝင်များကို ဆိုလိုခြင်းဖြစ်သည်။
ခေါင်းပေါင်းဝါတပ် ဆိုသည်မှာ ဒီကေဘီအေတပ်ဖွဲ့ကို ဆိုလိုခြင်းဖြစ်သည်။