ဖေဖော်ဝါရီ ၂၄ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ-NUG အုပ်ချုပ်ရေးယန္တရားများ ဆောင်ရွက်ခြင်းမပြုသေးရန် ကေအဲန်ယူ-ကစယ် ဒိုမြို့နယ်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စာထုတ်ပြောဆိုလိုက်သည်။
အဆိုပါ ကစယ်ဒိုမြို့နယ်သည် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-ထီးခီး ကာလမ်းတစ်လျှောက် ထားဝယ်နှင့် ပုလောမြို့နယ် ဧရိယာတစ်ချို့ပါဝင် သတ်မှတ်ထားခြင်းဖြစ်သည်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့များက အုပ်ချုပ်ရေး ယန္တရားတည်ဆောက် လုပ်ဆောင်မှုရှိလာသည့်အပေါ် အောက်ခြေ ပွတ်တိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယခုလို စာထုတ်အသိပေးခြင်းဖြစ်သည်ဟု ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဒီထုတ်ပြန်ချက်စာက အဲန်ယူဂျီကို အသိပေးတဲ့စာဖြစ်ပါတယ်။ အဲန်ယူဂျီက သူတို့ အုပ်ချုပ်ရေးကို လာရောက် ချထားတဲ့အတွက် ကျနော်တို့ ကေအဲန်ယူ အုပ်ချုပ်ရေးနဲ့ ထပ်နေတဲ့အပေါ် ဒါတွေက အခက်အခဲတစ်ခု ဖြစ်စေပါတယ်” ဟု ၎င်းက ပြောဆိုသည်။
လက်ရှိအချိန်သည် ပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက် ဖြုတ်ချနေသည့် အချိန်ဖြစ်၍ စစ်ရေးကဏ္ဍများတွင်သာ ပူးပေါင်းဆောင်ရွက်သွားလိုပြီး အုပ်ချုပ်ရေး ယန္တရားထပ်နေသည့်အတွက် အောက်ခြေတပ်ဖွဲ့ဝင်များ အချင်းချင်း ပွတ်တိုက်မှုမဖြစ်စေလို၍ ယခုလို အသိပေးပြောဆိုရခြင်းဖြစ်သည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။

“အခုလို စစ်ရေးပဋိပက္ခကာလမှာ ဒီလိုအုပ်ချုပ်ရေးလုပ်ငန်းတွေ လာရောက်မချထားဖို့၊ ကျနော်တို့ ကြားမှာ အခက်အခဲ၊ နားလည်မှု လွဲမှားတာတွေ၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာစေမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ ဒီလိုအချိန်ကာလမျိုးမှာ ကျနော်တို့တွေ စစ်ရေးနဲ့ လူမှုရေးကိစ္စအကြောင်းအရာတွေ အပေါ်မှာပဲ ပူးပေါင်းလုပ်ဆောင်သွားချင်ပါတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။
ယခုလို ကေအဲန်ယူက စာထုတ် အသိပေးမှုအပေါ် NUG လက်အောက်ခံ ဒေသတွင်းရှိ မြို့နယ် ပအဖ အဖွဲ့များထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်း မရှိဖြစ်နေသည်။
ထို့အပြင် ကေအဲန်ယူ- ကစယ်ဒိုမြို့နယ်အတွင်း ယခင်ကတည်းက ကေအဲန်ယူ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့်ကျေးရွာများ၌ ကေအဲန်ယူ-ပညာရေးစနစ်အပေါ် ပအဖအဖွဲ့များက လက်မခံသည့် ပြောဆိုမှုမျိုးရှိသည်ဟု ဒေသခံများက ပြောဆိုသည်။
၎င်းအပြင် အောက်ခြေ၌ NUG မြို့နယ်အုပ်ချုပ်ရေးဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးမှုများအပေါ် ကေအဲန်ယူ ကစယ်ဒိုမြို့နယ်သို့ လာရောက်တိုင်းကြားခြင်းများလည်း ရှိနေပြီး အခြားအောက်ခြေပိုင်း အပြန်အလှန်အငြင်းပွားမှုများလည်းရှိနေသည်ဟု သိရသည်။ အဆိုပါ ကစယ်ဒိုမြို့နယ်အတွင်း ၌ ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဖွဲ့ ဝင်များနှင့် ကော်သူးလေအာမီ-KTLA တပ်ဖွဲ့ဝင်များ မကြာခဏ ပစ်ခတ်မှုများလည်း ဖြစ်ပေါ်နေသည်ဟု ဒေသခံ များထံမှ သိရသည်။



















