Home သတင်း ဧရာဝတီတိုင်း ကရင်လူငယ်များ တတိယအကြိမ်မြောက် ကရင်အမျိုးသားအလံတော် ကမ်ပိန်း ပြုလုပ်

ဧရာဝတီတိုင်း ကရင်လူငယ်များ တတိယအကြိမ်မြောက် ကရင်အမျိုးသားအလံတော် ကမ်ပိန်း ပြုလုပ်

962

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း ကရင်လူငယ်များ ဦးဆောင်ပြီး ကရင်နှစ် ၂၇၆၄ နှစ်တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကရင်အမျိုး သား အလံတော်ပေးဝေသွားမည့် စည်းရုံးလှုံ့ဆော်မှု(Campaign)ကို တတိယမြောက် အကြိမ် ထပ်မံပြုလုပ်နေကြောင်း စီစဥ်ဆောင်ရွက်သူများထံမှ သိရသည်။

နှစ်သစ်ကူးနေ့အထိမ်းအမှတ်၏ အရေးပါမှုကို ဖော်ပြရန် ဧရာဝတီတိုင်း ကရင်လူငယ်များအဖွဲ့အနေဖြင့် ကမ်ပိန်းပြုလုပ်ခဲ့သည်မှာ (၂) နှစ်ဆက်တိုက်ရှိပြီဖြစ်သည်။ ယခုလာမည့် နှစ်သစ်ကူးနေ့တွင်လည်း စု‌ပေါင်းအင်အားဖြင့် ရိုးရာဓ‌လေ့နှင့် ပတ်သက်၍ ဆက်လက်ထိန်းသိမ်းကာ ‌ဖော်ထုတ် ပြသနိုင် စေရန်ဖြစ်သည်ဟု ကမ်ပိန်းကို ဦးဆောင်စီစဉ်နေသည့် ကရင်လူငယ်တစ်ဦးက ပြောသည်။

၎င်းက “ဒီ (၂)နှစ်ဆက်တိုက်မှာ လူထုတွေမှာ နှစ်သစ်ကူး ရောက်လာရင် အိမ်ရှေ့မှာ အလံကြိုတင်တာတို့ ပိုလုပ်ဆောင်လာတာ တွေ့ရတယ်။ ခက်ခဲတဲ့ ကာလထဲမှာ ရိုးရာယဥ်ကျေးမှု ရှိသေးတဲ့ အရာတွေကို အတူအတကွ ဖြေရှင်းတဲ့ အလေ့အထတွေကို ကိုယ့်ရဲ့ အဖွဲ့အစည်းထဲမှာ ပိုအားကောင်းလာဖို့ မီးမောင်းထိုးပြလုပ်ဆောင်တာ ဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လူမျိုးများ၏ အမျိုးသားရေးစိတ်ဓာတ်ရှင်သန် နိုးကြားလာစေရန်၊ ကရင့်အမျိုး သားအလံ တော်အား တန်ဖိုးထားလေးစားတတ်စေရန်၊ ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် ကရင်အမျိုး သားအလံတော်အား နှစ်သစ်ကူးရက်မတိုင်ခင် ကြိုတင်လွှင့်ထူထားနိုင်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ကရင်လူငယ်များ အဖွဲ့မှ ၂၀၂၃ ခုနှစ် ကရင်နှစ်သစ်ကူးနေ့မှစ၍ အလံတော်ကမ်ပိန်းကို ပြုလုပ်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ကရင်နှစ် ၂၇၆၄ ခုနှစ်အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအလံတော် (၂၇၆၄) ခုကို ပေးဝေသွားမည်ဖြစ်ပြီး လက်ရှိတွင် သတ်မှတ်နှုန်းအတိုင်း ပြည့်မီမှုမရှိသေးကြောင်း ၎င်းဦးဆောင် စီစဉ်နေသည့် ကရင်လူငယ်က ဆက်ပြောသည်။

“ဒီမြစ်ဝကျွန်းပေါ်က သိန်းနဲ့ချီပြီး အိမ်ခြေများတယ်။ တစ်အိမ်တစ်လံဆိုတော့ (၂၇၆၄) အိမ်ပဲရောက်တယ်။ ကမ်ပိန်းစတင်တာ ရက်ပိုင်းပဲ ရှိသေးတော့ အလှူငွေတွေ ဝင်လာတာလည်း နည်းသေးတယ်။ ပြီးတော့ အလံဖိုး တွေလည်း အရင်နှစ်ထက် ၆၀၀ လောက် စျေးတက်တယ်။ ပို့တဲ့နေရာမှာဆိုလည်း လွတ်လပ်စွာ သွားလာလို့ မရတဲ့နေရာတွေလည်း ရှိတယ်။” ဟု အဆိုပါ လူငယ်က ဖြည့်စွက်ပြောသည်။

အဆိုပါ ကမ်ပိန်းကာလအား ဒီဇင်ဘာလ ၁၂ ရက်မှ စ၍ လာမည့် ဒီဇင်ဘာလ ၂၇ ရက်နေ့ အထိ ပြုလုပ် သွားမည် ဖြစ်သည်။ ပြည်တွင်း ပြည်ပရောက် ကရင်အမျိုးသားများအနေဖြင့် ကရင်အမျိုးသား အလံတော်အတွက် Ayeyarwady Karen Youth Facebook စာမျက်နှာမှတဆင့် လူထုအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည်။

၎င်းကရင်အမျိုးသားအလံ‌များအား ဧရာဝတီတိုင်းအတွင်းမှ သက်ဆိုင်ရာ စာပေနှင့်ယဉ်ကျေးမှု ခေါင်း ဆောင် များနှင့် ချိတ်ဆက်၍ လည်းကောင်း၊ အခြားကရင်လူငယ်အစုအဖွဲ့များ ဖြင့်ချိတ်ဆက်၍ လည်းကောင်း ဧရာဝတီ တိုင်းရှိ မြို့နယ် အသီးသီးသို့ ပြန်လည်ပေးဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။