ဒီဇင်ဘာ ၁၅ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်သွားကြောင်း ဒေသခံနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၏ အတည်ပြုပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၃)ရက်နေ့မှစတင်ပြီး အင်အား(၁၀၀)ဝန်းကျင်ဖြင့် လောင်းလုံး မြို့နယ်ရှိ ကမြောကင်း တံတားမှတစ်ဆင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။ ထိုသို့ ဝင်ရောက်လာရာတွင် အင်းဇောက်ကျေးရွာရှိ ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားလိုက်ကြောင်းလည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးမှ ပြောဆိုသည်။
၎င်းက “ရန်သူ အင်အား ၁၀၀ ကျော်နဲ့ ကမြောကင်းတံတားကနေ မင်းရပ်ရွာဖက်ကို စစ်ကြောင်း ဆင်းလာတာ အခုထိမင်းရပ်ရွာအနီးတဝိုက်မှာပဲ ရှိနေဆဲပါဗျ။ အနောက်ဖက် တောင်တန်းတွေမှာလည်း တချို့ရှိနေတယ်။ ဆိုင်ကယ်စီးလာတဲ့ အသက်(၅၀)ဝန်းကျင် အရွယ်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရတာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းသို့ စတင်စစ်ကြောင်းထိုး ဝင်ရောက် လာသည့် အချိန်တွင်လည်း လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ဒေသခံ(၁၀)ဦးထက်မနည်း ဖမ်းဆီးထားကာ ယနေ့ အချိန်ထိ ပြန်လည်လွှတ် ပေးခြင်း မရှိသေးကြောင်း လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင်များအား အနီးကပ်ကူညီသူ များက ပြောသည်။
“လက်ရှိမှာ စစ်ဘေးရှောင်(၂၀၀၀)ကျော် အထိရှိနေပြီး။ အတိအကျတော့ ပြောလို့ မရသေးဘူး။ ဒေသခံတွေကပြန်နေဖို့ လုပ်လိုက် စစ်ကြောင်းက ပြန်ဝင်လာလိုက်နဲ့ ဆိုတော့ တော်တော်ဒုက္ခရောက်တယ်။ ပွင့်လင်းရာသီ ရောက်နေပြီးဆိုတော့ ရာသီဥတု အေးတဲ့ဒဏ်ကြောင့် ရုတ်တရက် လာရှောင်ရတဲ့သူတွေအတွက် နေရာထိုင်ခင်း အခက် အခဲတွေအများကြီးရှိနေတယ်။”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ထိန်တွင်းရွာ၊ မြို့ဟောင်းရွာ၊ ပိန်းရှောင်ရွာ၊ ဒေါင်းရှောင်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာမှ ဒေသခံ ပြည်သူ စုစုပေါင်း (၂၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ရှောင်ကူညီ သူ ပြုစုထားသော စာရင်းအရ သိရသည်။
ပွင့်လင်းရာသီသို့ ရောက်ရှိလာသည့်နောက်ပိုင်း လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကို ယခုလ အစောပိုင်းတွင် သိသိသာသာလှုပ်ရှားလာသည်ဟု ဒေသခံများက ပြောသည်။ ၎င်းအပြင် လောင်းလုံးမြို့နယ်နှင့်နီးကပ်လျက်ရှိသည့် ထားဝယ်မြို့အတွင်းနှင့် မြို့အဝင်ဂိတ်များတွင် စစ်ရေးပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်းလည်း ထားဝယ်မြို့ နေဒေသခံများ၏ မျက်မြင်တွေ့ရှိချက်များအရ သိရသည်။
မြို့ခံတစ်ဦးက “အဓိကနေရာပေါ့ ကြက်စားပြင်ရပ်ကွက်ဘက်မှာ ဘန်ကာဆောက်တာ တွေပြီးတော့ မြို့အဝင်နေရာတွေမှာ နေရာအသစ် ပြန်ဆောက်တာတွေကို လုပ်လာတာ တွေ့နေရတယ်။ ဒီနှစ်ထဲမှာပဲ ခဏခဏ ပစ်ခတ်ခံထိတော့ နှစ်မကုန်ခင် အခုလိုတွေပိုပြီး လုပ်လာတာလို့ မြင်မိတယ်။ CCTV တွေ လိုက်ပြီးတပ်တာတို့ မြို့ကိုကာဖို့အတွက် ပိုပြီး တော့ လုပ်နေတာတွေကို တွေ့နေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်အနေဖြင့် ယခုနှစ်အစပိုင်းတွင်လည်း ထားဝယ်မြို့ပေါ်ရှိ ကြက် စားပြင်ရပ်ကွက်တစ်ဝိုက်တွင် မြို့ပေါ်တိုက်ပွဲများဖြစ်ပွားပြီးနောက် စောမိညိုလမ်းရှိ နေအိမ် (၇၀)ကျော်ကို အိမ်ဖျက်ပြီး ပြောင်းပေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အတင်း အကြပ်စေခိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။



















