Home သတင်း အုန်းဖန် ဗုံးပေါက်ကွဲမှုအပေါ် ကန့်ကွက်ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကေအဲန်ယူ ပြော

အုန်းဖန် ဗုံးပေါက်ကွဲမှုအပေါ် ကန့်ကွက်ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကေအဲန်ယူ ပြော

590

ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့(ခ်)ခရိုင် အုန်းဖန်မြို့ ပွဲတော်၌ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၁၁ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့သည့် လူအများအပြား ထိခိုက်သေဆုံးစေသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပေါ် ကန့်ကွန်ရှုတ်ချပြီး ထိုင်းအစိုးရ၏ အမှုမှန်ဖော်ထုတ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ ကြေညာချက်ထုတ်ကာ ပြောဆိုသည်။

ယမန်နေ့ညက ကျင်းပသော အုန်းဖန်မြို့ ထိုင်းရိုးရာ Doi Loi Fa ပွဲတော်အတွင်း ဗုံးပေါက် ကွဲမှုဖြစ်စဉ်တွင် လူ ၄ ဦးသေဆုံးကာ ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း ထိုင်း အာဏာပိုင်များဘက်က ပြောဆိုထားသည်။

ကေအဲန်ယူအနေဖြင့် ထိုကဲ့သို့ အကြမ်းဖက်မှု လုပ်ရပ်များကို လက်မခံသလို ပြုလုပ်သူများအားလည်း ကန့်ကွက်ရှုတ်ချကြောင်း၊ ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များ၏ အမှုမှန် ဖော်ထုတ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ဒီလို ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်မျိုး ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကို လုံးဝ လက်မခံဘူး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့် ကွက်ကြောင်းကို ကျနော်တို့ဖော်ပြတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ထိုင်းအာ ဏာပိုင်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်သွားမယ်။ ဘယ်လိုနည်းနဲ့ လုပ်သွား မလဲ ဆိုတာကတော့ ကျနော်တို့ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်။ ကျနော်တို့ လုပ်နည်းလုပ်ဟန်အပိုင်းမှာ ဆက်လုပ် စရာတွေ အများကြီးရှိပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းမီဒီယာများ၏ သတင်းဖော်ပြချက်များကို ကိုးကားပြီး ကျူးလွန်သူများဟု ယူဆရသူ ကရင်လူငယ်နှစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်း ထားနိုင် ပြီး တစ်ဦးမှာ ကေအဲန်ယူတပ်ဖွဲ့ဝင်ဖြစ်ကြောင်း ဖော်ပြချက်နှင့်ပတ်သက်၍ ကေအဲန်ယူဘက်က ယခုလို ငြင်းဆိုသည်။

“သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ ကေအဲန်ယူ အဖွဲ့ဝင်တစ်ယောက် ပါဝင်တယ်ဆိုတဲ့ ဟာကိုတော့ ကျနော်တို့ အနေနဲ့လုံးဝ ငြင်းဆိုတယ်။ လုံးဝမမှန်ကန်ပါဘူးလို့ ပြောချင်ပါတယ်” ဟု ပဒို စောတောနီးက ဆက်ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း သံသယရှိသူ လူငယ် ၂ ဦးကို လက်ရှိအချိန်တွင် ဖမ်းဆီးထားပြီဟု ထိုင်းရဲတပ်ဖွဲ့က ပြည်တွင်းမီဒီယာများတွင် ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပေါ်ထွက်လာသည့် သတင်းများအရ ၎င်းကျူးလွန်သူများသည် လူငယ်အချင်းချင်း ပုဂ္ဂိုလ်ရေး မကျေနပ်မှုများကြောင့် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည်ဟု ဝန်ခံထွက်ဆို ထားကြောင်းလည်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြထားကြောင်း တွေ့ရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိတွင် အုန်းဖန်မြို့နယ်ရှိ ထိုင်း-မြန်မာနှစ်နိုင်ငံ ထိစပ်နေသည့် နယ်စပ်လမ်းကြောင်းအားလုံးကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်ပြီး လုံခြုံရေးတင်းကြပ်ထားလိုက်သည်ဟု သိရသည်။