Home သတင်း အုန်းဖန်မြို့ ပွဲတော်အတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ၄ ဦးသေဆုံး၊ (၅၄)ဦး ထိခိုက်ဒဏ်ရာရ

အုန်းဖန်မြို့ ပွဲတော်အတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ၄ ဦးသေဆုံး၊ (၅၄)ဦး ထိခိုက်ဒဏ်ရာရ

662
Photo: Social Media

ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် အုန်းဖန်မြို့လယ်တွင် နှစ်စဉ်ကျင်းပသည့် ထိုင်းရိုးရာအက (လားဝိုး)ပွဲတော်အတွင်း ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၁၁ နာကျော်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ (၄) ဦးသေဆုံးကာ (၅၄)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ အတည်ပြု ပြောဆိုချက်များအရ သိရသည်။

အုန်းဖန်မြို့နယ်အတွင်း တစ်နှစ်တစ်ခါပြုလုပ်ကျင်းပသည့် ရိုးရာအကပွဲတော်ကို ဒီဇင်ဘာလ(၈)ရက်မှ စတင်ပြီး ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး လူအများကခုန်နေသည့် ဖျော်ဖြေရေး State Show အရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်၍ ယခုလို ထိခိုက်မှု များပြားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသအာဏာပိုင်တစ်ဦးက ပြောသည်။

၎င်းက “ပွဲတော်ကနှစ်တိုင်းကျင်းပတဲ့ပွဲဖြစ်တယ်။ လူငယ်လေးယောက်နေရာမှာတင် သေဆုံးသွားတယ်။ ၅၄ ယောက် ထိခိုက်ဒဏ်ရာရရှိတယ်။ အခုဗုံးပေါက်တဲ့ ဖြစ်စဉ်က စင်အနောက်ကနေပြီးတော့မှ ဗုံးလာပစ်တယ်။ အဲ့လို ဗုံးလာပစ်တဲ့ လူနှစ်ယောက်ကို ဖမ်းဆီးရမိထားတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

လက်ရှိတွင်လည်း ဗုံးဖောက်ခွဲသူ လူငယ်နှစ်ဦးကို အုန်းဖန်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း ၎င်းဒေသအာဏာပိုင်က ဆက်ပြောသည်။

Photo: Social Media

ထို့အပြင် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း လတ်တလောတွင် အုန်းဖန်ခရိုင်အတွင်းရှိ ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူလျက်ရှိနေပြီး ဒေသခံများအနေဖြင့် ယခုလိုပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း အုန်းဖန်မြို့နေ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အေးချမ်းလှတဲ့အုံးဖန်မြို့လေး သူခိုး၊လူဆိုးကင်းတဲ့မြို့ အိမ်မှာသော့ပိတ်ပြီး အိပ်စရာမလိုတဲ့မြို့လေး။ ခုတော့ အနယ်နယ်အရပ်ရပ်ကလာတဲ့ပွဲတော်မှာ ဘယ်လို လူက ဘယ်လိုစိတ်နဲ့ ရက်စက်ယုတ်မာစွာ ဗုံးထောင်ဖေါက်ခွဲလိုက်လဲတော့မသိ။”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

တာ့ခ်ခရိုင်ရှိ အုန်းဖန်မြို့သည် လူဦးရေ ၁၆,၀၀ဝ ‌ကျော် ခိုလှုံနေထိုင် နို့ဖိုးဒုက္ခသည်စခန်းနှင့် မနီးမဝေးတွင်ရှိသည့် နယ်စပ်မြို့တစ်မျိုးဖြစ်သလို အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိတွင် အုန်းဖန်မြို့နယ်ရှိ ထိုင်း-မြန်မာ နှစ်နိုင်ငံ ထိစပ်နေသည့် နယ်စပ်လမ်းကြောင်းအားလုံးကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်သည်ဟု သိရသည်။