Home သတင်း မြန်မာအပါအဝင် အာရှတစ်ဝှမ်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဂျပန်တက္ကသိုလ် ကူညီပေးမည်

မြန်မာအပါအဝင် အာရှတစ်ဝှမ်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဂျပန်တက္ကသိုလ် ကူညီပေးမည်

738
Photo: Reuters

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ အပါအဝင် ဟောင်ကောင်နှင့် အာရှတစ်ဝှမ်းမှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ၊ ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ဂျပန်နိုင်ငံရှိ ဟီတိုဆူဘာရှီ တက္ကသိုလ်က ပံ့ပိုးကူညီရန် လာမည့်နှစ်တွင် အစီအစဉ်တစ်ခုစတင်တော့မည်ဟု Nikkei Asia သတင်းဌာနက ယနေ့ ရေးသားဖော်ပြထားသည်။

Democracy Advocates at Risk (DAR)ဟု ခေါ်သော ၎င်းအစီအစဉ်သည် အင်ဒို-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ တတ်သိပညာရှင်များနှင့် ဒီမိုကရေစီအခြေခံအုတ်မြစ်များကို စုစည်းထားသည့် Sunnylands Initiative မှ ကျော ထောက်နောက်ခံပြုထားပြီး နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များ၊ သုတေသီများနှင့် မိခင်နိုင်ငံတွင် ခြိမ်းခြောက်မှု ရင်ဆိုင်နေရသူများအတွက် ဦးတည်ထားသည်ဟု ရေးသားဖော်ပြထားသည်။

အဆိုပါ အစီအစဉ်ကို လျှောက်ထားသူများအား ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများရှိ တက္ကသိုလ်များနှင့် အဖွဲ့အစည်းများတွင် ၁ နှစ်မှ ၂ နှစ်အထိ လေ့လာနိုင်ရန်အတွက် ဟီတိုဆူဘာရှီ တက္ကသိုလ်က DAR အတွင်းရေးမှူးအဖြစ် ဆောင်ရွက်‌ပေးသွားမည်ဟု သိရသည်။

ပဏာမအစီအစဉ်တွင် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူနေမှုစရိတ်များအတွက်ပါ အကျုံးဝင်မည်ဖြစ်ကြောင်း၊ ကနဦးကာလပြီးနောက် ပံ့ပိုးမှုလိုအပ်ပါက တက်ကြွ လှုပ်ရှားသူများအနေဖြင့် အခြားအိမ်ရှင်အဖွဲ့အစည်းနှင့် ချိတ်ဆက်နိုင်မှာဖြစ်သည့်အပြင် DAR သည် တစ်နှစ်လျှင် လူ (၁၀) ဦးခန့်ကို ကူညီရန်အစီအစဥ် သုံးခုကို လက်ခံရရှိထားပြီးဟု Nikkei Asia က ဖော်ပြထားသည်။

အဆိုပါ ပရောဂျက်ကို ဖိနှိပ်မှုရင်ဆိုင်နေရသော ပညာရှင်များအား ခိုလှုံရာနေရာ ပေးမည့်တက္ကသိုလ်နှင့် အင်စတီကျူးရှင်းပေါင်း ၇၀၀ ခန့်ရှိသော US အခြေစိုက် Scholars at Risk ၏နောက်တွင် စံနမူနာပြထားသည်။ သို့သော် အာရှိအိုကီနာဝါ ကဲ့သို့ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်ကြီးများ အာရှဖက်မှပါဝင်ကူညီမှု အနည်းငယ်သာရှိသေးသည်ဟု ဆိုသည်။

“တက်ကြွလှုပ်ရှားသူတွေကို အားပေးကူညီမှုဟာ သံတမန်ရေးဆိုင်ရာ ပြဿနာများကို ဖန်တီးနိုင်တယ်လို့ အာရှရှိ တက္ကသိုလ်များနဲ့ အခြားသော တက္ကသိုလ်များက သတိထားနေကြပါတယ်” ဟု ဟီတိုဆူဘာရှီ တက္ကသိုလ်၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုသုတေသနဌာနမှ ပါမောက္ခ မိုက်ကို အီချိဟာရာက ပြောကြောင်း Nikkei Asia သတင်းဌာနတွင် ဖော်ပြထားသည်။

အာရှအတွင်း ထိုကဲ့သို့သော တက်ကြွလှုပ်ရှားသူများကို အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးကူညီမှုများ မရှိသောကြောင့် တက်ကြွလှုပ်ရှားသူအများအပြားသည် အမေရိကန် သို့မဟုတ် ဥရောပသို့သာထွက်ခွာရန် ရွေးချယ်ကြရသည်ဟု သိရသည်။

“အချိန်ကွာခြားမှုနည်းတဲ့ အာရှမှာနေနေမယ်ဆိုရင် တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ရဲ့မွေးရပ်နိုင်ငံတွေဆီ ဦးတည်တဲ့ စည်းရုံးရေးအလုပ်တွေကို ပိုမိုလွယ်ကူစွာ ဆက်လက်လုပ်ဆောင်နိုင်မှာပါ” ဟု ပါမောက္ခ အီချိဟာရာက ဆက်လက်ပြောဆိုသည်။

DAR သည် တစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာ Hosts များကို လက်ခံရာမှာ ထူးခြားခဲ့ပြီး ယခုအချိန် အထိ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ သုတေသီ (၂၅) ဦး ပဏာမအစီအစဉ်တွင် ပါဝင်မည်ဟု ကြေညာထားသည်။