နိုဝင်ဘာ ၂၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၂၁ ရက်နေ့ထိ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံ ၁၇ ဦး သေဆုံးပြီး၊ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA က နိုဝင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
နောင်ချိုတွင် ၂၁ ရက်အတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခံရမှု ဆက်တိုက် လုပ်ဆောင်နေပြီး ယခုလို ဒေသခံ ပြည်သူတို့ ထိခိုက်သေဆုံးမှု တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိလာသည်ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ကေအိုင်စီသို့ ယခုလို သုံးသပ်ပြောဆိုသည်။
“အာဏာရှင်စနစ်အဆုံးသတ်မှ အခုလေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ အဆုံးသတ်မှာဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာထက်ကို ကျော်လွန်နေပြီး ဖြစ်တယ်။ နောက်ပြီးတော့ မြေပြင်က ပြည်သူတွေ အနေနဲ့လည်း ဘယ်ကမှ အထောက်အပံ့ရတာမျိုး မရှိတာကြောင့် အခက်အခဲဖြစ်နေကြတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ကုန်းကြီးကျောက်ရွာသို့ စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားသလို အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုလို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် ဒေသခံပြည်သူများ အနေဖြင့် စစ်ရေးသတိရှိကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန်မှ ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက် များကို လိုက်နာဆောင်ရွက်ရန် TNLA က သတိပေးထုတ်ပြန်ထားသည်။
ထို့အပြင် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ နိုဝင်ဘာ ၆ ရက်ထိ စာရင်းများအရ ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလမှ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒေသခံပြည်သူ စုစုပေါင်း ၅၄ဝ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ပြီး စက်တင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပေါင်း ၄၂၉ ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီး နေအိမ် ၂၂၀ လုံး၊ဆေးရုံ ၅ ခု၊ ဘာသာရေး အဆောက် အအုံ ၁၀ လုံးနှင့် စာသင်ကျောင်း ၇ ကျောင်း ပျက်စီးခဲ့ကြောင်း Blood Money Campaign အဖွဲ့ကလည်း နိုဝင်ဘာ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ထားသေးသည်။



















