Home သတင်း စစ်ရှောင်များ ထောက်ပံ့မှုနည်းလာ၍ စားဝတ်နေရေးအတွက် မီးသွေးထုတ်လုပ် ရောင်းနေ

စစ်ရှောင်များ ထောက်ပံ့မှုနည်းလာ၍ စားဝတ်နေရေးအတွက် မီးသွေးထုတ်လုပ် ရောင်းနေ

659

နိုဝင်ဘာ ၂၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် တောတောင်များ၌ စစ်ရှောင်နေရသူတို့ကို ကူညီထောက်ပံ့မှုများ နည်းလာပြီး စားဝတ်နေရေးအတွက် မီးသွေး ထုတ်လုပ်ရောင်းချ နေရသည်ဟု စစ်ရှောင် ပြည်သူများက ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူတို့ အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေး ပိုမိုခက်ခဲလာပြီး ယခုလို လုပ်ဆောင် နေရခြင်းဖြစ်ကာ လက်ရှိ မီးသွေးတစ်အိတ်လျင် ကျပ် ၈,၀၀၀ မှ ကျပ် ၁၀,၀၀၀ ကြား ဈေးကောင်းရနေသည်ဟု စစ် ရှောင်ပြည်သူတစ်ဦးက ပြောသည်။

“ကြာလာတော့ စားဖို့သောက်ဖို့ ပိုခက်ခဲလာတယ်။ တစ်ချို့ကတော့ လုပ်တတ်သလို ဈေးရောင်းတာ၊ တောက ရာသီအလိုက်ရတဲ့ အသီးအရွက်တွေ ရှာကြံပြီး စားဝတ်နေရေးအတွက် ဖြေရှင်းကြတယ်။ အခုဆိုလဲ မီးသွေးဈေး ကောင်းတော့ စစ်ရှောင်တွေလဲ ဖုတ်ရောင်းကြတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦး ပြောသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု မရှိသလောက် နည်းလာပြီး အလုပ်မလုပ်နိုင်သည့် စစ်ရှောင်ပြည်သူများ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲဖြေရှင်းနေရသည်ဟု အံကလော် ရွာသားတစ်ဦးက ယခုလိုပြောသည်။

“ဒီနှစ်အတွင်းတော့ ကူညီထောက်ပံ့မှုတွေ သိပ့်မလာတော့ဘူး။ ခြံမရှိ၊ အလုပ်လုပ်ဖို့လဲ အရင်းမနှီးမရှိတဲ့ သူတွေ သက်ကြီး ရွယ်အိုတွေတော့ စားဝတ်နေရေးအတွက် တော်တော်ရုန်းကန်ရတယ်။ ဆင်းဆင်းရဲရဲနဲ့ စားသောက်နေရ တယ်” ဟု ၎င်းက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူတို့ တော၊ တောင်များထဲသို့ စစ်ဘေးရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသလို ကူညီထောက်ပံ့မှုများလည်း နည်းပါးလာကာ ယခုလို မီးသွေးထုတ် လုပ်ရောင်းချခြင်း၊ တောထွက် အသီးအရွက်များရောင်းချခြင်း စသဖြင့် ပုံစံမျိုးစုံလုပ်ကိုင် ရုန်းကန်နေရကြောင်း အလုပ်မလုပ်နိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျမ်းမာရေးမကောင်းသူများ အလွန်ခက်ခဲစွာ ရှင်သန်နေထိုင် ရသည် ဟု စစ်ရှောင်များက တညီတစ်ညွှတ်တည်း ပြောသည်။