Home သတင်း ဘီးလင်းမြို့နယ် ကျေးရွာတချို့တွင် ဒေသခံများက ကိုယ်ထူကိုယ်ထကျောင်းများဖြင့် စာသင်ကြားနေ

ဘီးလင်းမြို့နယ် ကျေးရွာတချို့တွင် ဒေသခံများက ကိုယ်ထူကိုယ်ထကျောင်းများဖြင့် စာသင်ကြားနေ

679

နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ဒေသတွင်း တိုက်ပွဲများဖြစ်ပွား‌နေသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ စာသင်ကျောင်းများ ပိတ်ထားရခြင်းကြောင့် အချို့ကျေးရွာများ၌ ယခု ၂၀၂၄ စာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်၍ စာသင်ကြားနေရကြောင်း သိရ သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ၊ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများကြောင့် စာသင်ကျောင်းများ ပိတ်ထားရပြီး ကလေးသူငယ်များ ကျောင်းတက်ပညာသင်ကြားနိုင်ရန် ကိုယ်ထူကိုယ်ထကျောင်း ကို စတင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကိုယ်ထူကိုယ်ထကျောင်းမှ ဆရာမ နော်အဲသာရှူးက ပြောသည်။

“တိုက်ပွဲတွေက မကြာခဏဖြစ်တော့ အစိုးရ(စကစ)ကျောင်းထားဖို့က မိဘတွေက ကလေးတွေကို စိတ်ပူတာနဲ့ ကျောင်းမထားဘူး။ ပြီးတော့ မြို့ကျောင်းပြောင်းထားဖို့ကလည်း ကျောင်းကြို/ပို့လမ်းမှာလည်း စိတ်မချတော့ ကိုယ်ထူ ကိုယ်ထကျောင်း စီစဉ်ဖြစ်သွားတာ။”လို့ သူမက ပြောဆိုသည်။

အဆိုပါ ကိုယ်ထူကိုယ်ထကျောင်းများမှာ ကျေးရွာ ၃ရွာတွင် တစ်ကျောင်းစီ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး KG အတန်းမှ စတုတ္ထတန်း(၄တန်း)အထိ သင်ကြားပေးနေခြင်းဖြစ်သည်။ ထိုအထဲမှ ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်း သား ၇၉ဦးကို ဆရာမ ၆ဦးတို့က သင်ကြားပို့ချပေးနေသော်လည်း စာသင်ဆောင်မလုံလောက်မှု အခက်အခဲရှိသည်ဟု သူမက ဆက်ပြောသည်။

သို့သော် ၎င်းကိုယ်ထူကိုယ်ထကျောင်းမှ အတန်းအောင်မြင်သည့် ကျောင်းသူကျောင်းသားများကို စစ်ကောင်စီ၏ ပညာ ရေးအတန်းတင်မှုတွင် အသိအမှတ်ပြု၍ မရကြောင်း စစ်ကောင်စီစာသင်ကျောင်းမှ ကျောင်းဆရာတစ်ဦးက ယခုလို ပြောဆိုသည်။

“အစိုးရကျောင်းရဲ့ ကျောင်းဝင်/ကျောင်းထွက်မှတ်တမ်းအရပဲ အတန်းကို ထားတယ်။ ကျောင်းနားထားတဲ့ အတန်းက နေ ပြန်စတက်ရတယ်။ စစ်ရှောင်တို့၊ အကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းမရတဲ့ကလေးတွေကိုတော့ အတန်းတင်ဖို့ စာမေးပွဲစစ်ပြီး အတန်းတင်ပေးတာ ရှိတယ်။”လို့ သူက ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၃နှစ်ကျော်အတွင်း ဘီးလင်းမြို့နယ်တွင် ကျောင်းပိတ်ထားသည့် စာသင်ကျောင်း ၆၆ကျောင်းရှိရာ အထက်တန်းကျောင်း ၂ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၃ကျောင်းနှင့် မူလတန်းကျောင်း ၆၁ ကျောင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ဘီးလင်းမြိုနယ်၊ ပညာရေးမှူးရုံး၏ မှတ်တမ်းအရ သိရသည်။