Home သတင်း စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲချ၍ ကျောက်ကြီးတွင် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲချ၍ ကျောက်ကြီးတွင် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

927
Photo-KNU

နိုဝင်ဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ ရွာသာရွာကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်တစ်နှစ် အရွယ် ကလေးတစ်ဦး သေဆုံးသွားသည်ဟု ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ပြောသည်။

အဆိုပါ ကျေးရွာသို့ စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးစ ထိမှန်ကာ အသက် တစ်နှစ်အရွယ် မောင်လင်းခန့်ဖြိုးမြတ် သေဆုံးသွားခြင်း ဖြစ်သည်။

“နှစ်ကြိမ်လာပစ်တာ နေ့ပိုင်းတစ်ကြိမ်၊ ညပိုင်းတစ်ကြိမ် လာပစ်တယ် ဒရုန်းနဲ့ ။ နေ့ခင်းပိုင်းမှာက ရွာသာရာ ကျေးရွာက ဦးစိုင်းမျိုးအောင်၊ ဒေါ်သိမ်းဝါးထွေးတို့ရဲ့ ကလေးခေါင်းထိပြီးတော့ သေဆုံးသွားတယ်” ဟု ပဒိုစောဝါးမူ ကေအိုင်စီ သို့ပြောသည်။

Photo-KNU

စစ်ကောင်စီမှ ဒရုန်းဖြင့် နေ့ခင်းပိုင်းအချိန်လာရောက်ပစ်ခတ်မှုတွင် ကလေးငယ်တစ်ဦးသေဆုံးခဲ့သည့်အပြင် နေအိမ် တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ယင်းနေ့ ညပိုင်းတွင်လည်း စစ်တပ်မှ ဒရုန်းဖြင့် ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းထိမှန်ပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ဆောထိမြို့နယ်တို့ရှိ ကျေးရွာများသို့ ရည်ရွယ် ချက်ရှိရှိ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်နေသလို လုံခြုံရေးတင်းကြပ် စစ်ဆေး မှုများ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ပြုလုပ်နေသည်ဟု ဒေသခံများနှင့် ကေအဲန်ယူ တာဝန်ရှိသူတို့က အသီးသီး ပြောသည်။

ထို့အပြင် တပ်မဟာ(၃)နယ်မြေအတွင်းရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၂၀)ကလည်း ကားဖြင့် တင်ဆောင် ထားသည့် လက်နက်ကြီးများဖြင့် စစ်တောင်းမြစ်အနောက်ဖက်ခြမ်းရှိ ကျေးရွာများသို့ နေ့ရောညပါ ပစ်ခတ်လျက် ရှိသည့်အတွက် ဒေသခံလူထုများ စိုးရိမ်နေရသည်ဟု သိရသည်။