နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင် မြို့ပေါ်သို့ စစ်ကောင်စီက နိုဝင်ဘာ တစ်ရက် (ယနေ့) နံနက်အစောပိုင်းတွင် လေကြောင်းမှ ဗုံး ၈ လုံး လာရောက် ကြဲချသွားသည်ဟု မြို့ခံများက ပြောသည်။
ကွတ်ခိုင်သို့ ယနေ့နံနက် ၃ နာရီအချိန်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့အဝင်အထွက်နားတဝိုက်သို့ ဗုံးကြရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည် ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“လူတွေအိပ်နေတဲ့အချိန်မှာ လာပြီးကြဲချသွားတယ်။ မြို့အဝင်အထွက်နားဖြစ်တော့ ဒေသခံတွေသိပ်ပြီး မထိလိုက် ဘူး။ ဒေသခံတွေကတော့ နောက်တစ်ခေါက်လာမှာကိုပဲ စိုးရိမ်နေကြတာပေါ့။ ကွတ်ခိုင်မြို့ကိုဒါက ဒုတိယ အကြိမ်လို့ ပြောလို့ရတယ်။ ပထမအကြိမ်က အထိခိုက်ပိုများတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့နေဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ၎င်း အနီးရှိ ကျွဲတစ်ကောင်နှင့် ဌာနဆိုင်ရာအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း ကျန်ရှိနေသေးပြီး အဆိုပါ ဗုံးကို TNLA သက်ဆိုင်ရာ တာဝန်ရှိသူများက ဖယ်ရှားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း TNLA က ပြောဆိုသည်။
စစ်ကောင်စီက ကွတ်ခိုက်မြို့ပေါ်သို့ ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့မဈေးနှင့် မြို့ပေါ်သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ခိုက်မှုတွင် အရပ်သား ၆ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့သည်။ ထို့နောက် သုံးလအကြာ ယခုနိုဝင်ဘာ ၁ ရက်နေ့တွင် ဒုတိယအကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
ကွတ်ခိုင်မြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းပြုလုပ်နေချိန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက စတင် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် အပြီးသိမ်းယူနိုင်ခဲ့ကာ လက်ရှိ TNLA က စီမံအုပ်ချုပ်နေ ကြောင်း သိရသည်။



















