စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ မြို့ပေါ် ဒေသအပါအဝင် ကျေးရွာများအထိပါဆင်း၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံရဲများက ယခု ၁၃ ရက်နေ့မှစ၍ စီမံချက်ဖြင့် လိုက်လံဖမ်းဆီးပြီး ဆိုင်ကယ်များကို သိမ်းယူကာ စီးနင်းသူများကိုပါ ဖမ်းဆီးအရေးယူထောင်ချမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
မြို့နယ်တိုင်းရှိ မြို့ပေါ်ဒေသအပြင် မြို့အနီးကျေးရွာများ၏ ကျေးရွာအဝင်အထွက်အထိပါ ဆင်း၍ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်အပြင် အခြားသော ပြစ်ချက်အမျိုးမျိုးကို လိုက်ရှာ၍ တင်းတင်း ကြပ်ကြပ်ဖမ်းဆီးအရေးယူ ထောင်ချနေခြင်းဖြစ်ကြောင်း ပန်းတနော်မြို့နယ်ရှိ ဒေသခံ လူငယ်တစ်ဦးက ယခုလိုပြောသည်။
“သူတို့ စဖမ်းတာ ပြီးခဲ့တာ သောကြာနေ့ကစဖမ်းတယ်လို့ သိရတယ်။ အခုက အတော်လေး ကြမ်းတယ်။ လူလိုင်စင်ကော ယာဉ်လိုင်စင်ကော မကဘူး၊ အခြားဆိုင်ကယ်မှာ Chain ဖုံးမပါတာတွေ လေပေါင် မပြည့်တာတွေကအစ အမျိုးမျိုးအကြောင်းရှာပြီးတော့ကိုဖမ်းတာ။ ကျနော် အိမ်မဲသွားတုန်းက အဲ့မှာဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ဖမ်းသွားတယ်။ ဒီဘက်ကျနော့်ရွာနားက ဦးလေးတစ်ယောက်လည်း ပါသွားတယ်။ ဆိုင်ကယ်ကော လူကောအကုန်ပါသွားတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုလို ဖမ်းဆီးမှု မပြုလုပ်ခင် ရက်ပိုင်းများက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံ ကြေညာ အသိပေးခြင်းမျိုးရှိသော်လည်း ကျေးရွာဒေသများတွင် တရားဝင် အသိပေးခြင်းမျိုးမရှိသောကြောင့် အဆိုပါ ကျေးရွာဒေသခံအများစု ဖမ်းဆီးခံနေရပြီး ယခင်လို ပြစ်ဒဏ်ငွေပေးဆောင်၍ ပြန်လည် လွတ် မြောက်နိုင်ခြင်းမရှိဘဲ ထောင် ၂ လအထိ ချခံရမည်ဟုလည်း အဆိုပါလူငယ်က ဆက်ပြောသည်။
အလားတူ အခြားသော အိမ်မဲ၊ ဓနုဖြူ၊ ဝါးခယ်မ၊ ကျောင်းကုန်းနှင့် ပုသိမ်မြို့ပေါ်များတွင်လည်း လိုက်လံ ဖမ်းဆီးလျက်ရှိသည်။ ယခင်ကဲ့သို့ မြို့ပေါ်ရှိ လမ်းဆုံလမ်းဂွ နှင့် တံတားထိပ်များတွင် ဂိတ်ချ၍ ဖမ်းဆီးခြင်း မျိုးမဟုတ်ဘဲ ကြုံသလို လိုက်လံဖမ်းဆီးခြင်းမျိုးဖြစ်ကြောင်းလည်း အခြေအနေကို မျက်မြင်တွေ့ရှိသည့် ကျောင်းကုန်းမြို့ ခံတစ်ဦးက ပြောသည်။
၎င်းက “အရင်ကဆို ဆိုင်ကယ်ဦးထုပ်မပါရင်လောက်ပဲ ဖမ်းတာ။ ပြီးတော့ မြို့ပေါ်က လမ်းဆုံ လမ်းဂွ တွေလောက်ပဲ ဂိတ်ချပြီး စောင့်ဖမ်းတာ။ အခုက ပိုကြမ်းတယ်။ လမ်းတွေမှာ ကြုံရင် ကြုံသလို လိုက်ဖမ်း တာ။ ရွာက လူတွေက ပိုခံရတာပေါ့။ သူတို့က ဘာမှ မသိရဘူးလေ။ ရွာမှာက အများစုက လိုင်စင်လည်းမလုပ်ထားကြဘူးလေ။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို တင်းတင်းကြပ်ကြပ် လိုက်လံဖမ်းဆီးမှုများကြောင့် ဒေသခံများအနေဖြင့် ဆိုင်ကယ်ဖြင့် အသွား အလာ မပြုလုပ်ရဲကြတော့ဘဲ မြို့ပေါ်သို့ သွားရန်အတွက် ယခင်ခေတ်ကာလလို ထော်လာဂျီများကို ပိုမိုအားထားလာရသလို လက်ရှိ လမ်းမကြီးများပေါ်တွင်လည်း ဆိုင်ကယ်အသွားအလာ မရှိသလောက် နည်းပါးသွားကြောင်းလည်း ဒေသခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် အာဏာပိုင်များနှင့် နီးစပ်သူများ၊ ကျောင်းသားများ နှင့် လုပ်ငန်းရှင် အချို့တို့မှာ ကျပ်ငွေသိန်း ၁၀နှင့်ချီပေး၍ ပြန်လည်လွတ်မြောက်လာသူများရှိသော်လည်း အများစုမှာ ပြန်လည် လွတ်ပေးခြင်းမျိုးမရှိဘဲ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကိုပင် မသိရကြောင်း နီးစပ်သည့် ဒေသခံများ ကေအိုင်စီသို့ ပြောပြသည်။
၎င်းအပြင် လတ်တလောတွင် ဧရာဝတီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ဖွဲ့ဝင်များ ပြန်လည် ဝင်ရောက်လာမည့် သတင်းများကြောင့်လည်း ယခုလို စီမံချက်ချ၍ လိုက်လံ ဖမ်းဆီးခြင်း မျိုးဖြစ်နိုင်သလို စစ်တပ်အင်အားအတွက် အကြောင်းရှာ၍ အတင်းအဓမ္မတပ်သား စုဆောင်းခံရမှုမျိုးလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက အမျိုးမျိုးယူဆပြောဆိုကြသည်။
ယခု စီမံချက်ဖြင့် မော်တော်ဆိုင်ကယ်များဖမ်းဆီးမှုကို မည်သည့်ကာလအထိ လုပ်ဆောင်သွားမည်ကို မသိရဘဲ မည်သည့် အတွက်ကြောင့် ယခုလို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း ဧရာဝတီတိုင်းဒေသ၏ စစ်ကောင်စီ အာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။
ဧရာဝတီတိုင်းဒေသအတွင်းရှိ ကျေးရွာအများစုတွင် တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်များကိုသာ အများစု အသုံးပြုစီးနင်းကြလေ့ရှိပြီး ကျေးရွာများရှိ လက်လုပ်လက်စား လယ်သမားအချို့မှာ လိုင်စင်မဲ့ ဆိုင်ကယ် အများစုကိုသာ စီးနင်းကြသည်။ ယခုလို ဖမ်းဆီးထောင်ချမှုများ ပြုလုပ်းခြင်းကြောင့် အခြေခံ လူတန်းစားများအတွက် သွားလာလုပ်ကိုင်ရေး အခက်အခဲဖြစ်လာပြီး အများစုမှာ စက်ဘီးကိုသာ အသုံးပြုစီးနင်းလာကြကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလထဲတွင်လည်း ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ၏ တိုင်းအစိုးရ၏ စီမံချက်အနေဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို ကျေးရွာချင်းဆက် လမ်းမများအထိ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။ သို့သော်လည်း ယခုလို ပစ္စည်းသိမ်းယူကာ ဖမ်းဆီးထောင်ချခြင်းမျိုးမကြုံဖူးကြောင်း ဧရာဝတီတိုင်း ဒေသခံများက ပြောဆိုသည်။



















