Home သတင်း ရိက္ခာပို့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ သုံးစီးပျက်စီး

ရိက္ခာပို့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ သုံးစီးပျက်စီး

702
Photo: မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း

စက်တင်ဘာ ၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ထုံထော်ကျေးရွာသို့ ရိက္ခာလာရောက် ပို့ဆောင်သည့် စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တနင်္သာရီမြို့နယ်၊ တာဝန်ရှိသူ ပဒိုစောထီးဝါးက ပြောသည်။

အဆိုပါ ထုံထော်ကျေးရွာ၌ တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များထံ ရိက္ခာလာပို့သည့် စစ်ကောင်စီ ယာဉ်တန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ် ၅ စီးတွင် ၃ စီး ပျက်စီးသွားသည်ဟု ပဒိုစောထီးဝါးက ယခုလို ပြောသည်။

“ဒီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရိက္ခာလာပို့တဲ့လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ ခြောက်မိုင်ရွာ အနီးမှ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ ငါးကားစီးမှာ သုံးစီး ပျက်စီးသွားတယ်။ ဒါပေမဲ့ ကားပေါ်က ပစ္စည်းတွေ ကိုတော့ မယူဆောင်နိုင်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီဘက်မှ ယနေ့နံနက် ၅ နာရီဝန်းကျင်အထိ လေကြောင်းအပြင် ဒေသခံပြည်သူ များ၏ ကားများကို အသုံးပြု၍ ရိက္ခာဖြည့်တင်းမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် စက်တင်ဘာ ၅ ရက်နေ့တွင် ထုံထော်ကျေးရွာအတွင်းတပ်စွဲဝင်ရောက် နေရာယူထားသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာများ ရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်။

ထိုထုံထော်ကျေးရွာအတွင်းသို့ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၄၃၁ နှင့် ခလရ-၂၈၀ တပ်ရင်းတို့က စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။