စက်တင်ဘာ ၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အုပ်ချုပ်နေသည့် နမ့်ခမ်းမြို့ပေါ်သို့ စစ်ကောင်စီက စက်တင်ဘာ ၆ ရက်၊ ည တစ်နာရီ အချိန်ခန့်တွင် ဂျက်လေယာဉ်ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ အများပြည်သူနေအိမ်များ ပေါ်သို့ ဗုံးကျ ပေါက်ကွဲခဲ့သလို ကျားဖြူခမ်းမအနီး၌ ဗုံးတစ်လုံးကျရောက် ပေါက်ကွဲခဲ့သည်ဟု TNLA က ပြောဆိုသည်။
ဖျက်အားပြင်း ဗုံးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၅ ဦးနှင့် အမျိုး သမီး ၄ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးသွားခဲ့ပြီး ကလေးငယ် ၂ ဦး၊ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသူထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါဝင်ပြီး နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီး သွားသည်ဟု TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်သည် စစ်ကောင်စီက အရပ်သားကို အဓိကပစ်မှတ်ထား ဗုံးကြဲသည့် လုပ်ရပ်ဖြစ်သလို မြေပြင်တွင် လည်း စစ်ကောင်စီ တပ်သားများက ဒေသခံနေအိမ်များကို ဖောက်ထွင်းဝင်ရောက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို လုပ်ဆောင်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။
“နမ့်ခမ်းမှာ ဗုံးကြဲခံရတယ်လို့တော့ ကြားတယ်။ တရားဥပဒေစိုးမိုးမှု မရှိသေးတဲ့အတွက်ကြောင့် နေအိမ်တွေ ဖျက်ဆီးခံထားရတယ်။ ဖောက်ထွင်း ခံရတယ်။ ခိုးခံရတယ် ပေါ့နော်။ စားဝတ်နေရေး အခက်အခဲ အများကြီး ကြုံတွေ့နေရတာ မျိုးတွေရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
နမ့်ခမ်းမြိုသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ် မြို့ဖြစ်သလို မြို့ကို TNLA သိမ်းယူ အုပ်ချုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။



















