စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံမြို့အနောက်ခြမ်း၊ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်း နေရာကို စက်တင်ဘာလ(၅)ရက်နေ့ည(၉)နာရီက စစ်ကောင်စီမှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံးထက်မနည်း ကြဲချတိုက်ခိုက်သဖြင့် အသက်(၁၁)နှစ်အောက်အရွယ် ကလေးငယ်(၇)ဦးအပါအဝင် သေဆုံးသူ စစ်ရှောင်(၉)ဦးရှိလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
စစ်ရှောင်စခန်းရှိ ကျောင်းနေအရွယ် ကလေးငယ်(၇)ဦးနှင့် အသက်(၄၀)ဝန်းကျင် အမျိုးသမီး (၂)ဦး သေဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားသူများလည်း ရှိနေသဖြင့် သေဆုံးသူစာရင်းပိုလာနိုင်သလို ထိခိုက်မှုစာရင်းကိုလည်း အတိအကျကောက်ခံနိုင်ရန် ကြိုးပမ်းနေသည်ဟု ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC ၏ အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင်က ပြောသည်။
“လူအသေအပျောက်နဲ့ထိခိုက်မှုစာရင်းက အခုချိန်ထိမငြိမ်သေးဘူး။ ၉ ယောက်သေတယ်လို့တော့ ရထားတယ်။ အသက်(၁၁)နှစ်အောက်ကလေး ၇ ယောက် သက်ကြီးပိုင်း ၂ ယောက် စစ်ရှောင်စခန်းနေရာကို တည့်တည့်ကျတာရယ်၊ ညပိုင်းလည်းဖြစ်တော့ ဆေးခန်းပို့တာနဲ့ ဒီမနက်အထိ စာရင်းကောက်နေတာရှိတယ်။ အဲဒါကြောင့် အတိအကျမသိရသေးတာ တချို့လည်းဒဏ်ရာပြင်းထန်တယ်” ဟု ဦးဗညားက ပြောသည်။
၎င်းစစ်ရှောင်စခန်းနေရာနားတဝိုက်တွင် ယခင်က စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုခံခဲ့ရသော်လည်း ယခုတစ်ကြိမ်က ပိုမိုဆိုးရွားပြီး အိမ်ခြေ(၁၀၀)ကျော်တွင် နေအိမ်(၂၀)ထက်မနည်း ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အတူ ဘန်ကောက်စစ်ရှောင်စခန်းသည် တိုက်ပွဲပြင်းထန်နေသည့် နေရာများနှင့် အလှမ်းဝေးသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များအဝင်အထွက်မရှိ စစ်ရှောင်ပြည်သူသီးသန့် နေထိုင်သော နေရာဖြစ်သည်ဟု ဦးဗညားအပါအဝင် စစ်ရှောင်ကူညီနေသူများက ပြောဆိုသည်။
ကရင်နီစစ်ဘေးရှောင်ကူ အမျိုးသားတစ်ဦးက “အရင်တစ်ခါ မိုးဗြဲဘက်မှာ တိုက်ပွဲတွေဖြစ်တဲ့အချိန်ကလည်း လေယာဥ်လာကြဲသေးတယ်။ အဲဒီတုန်းကတော့ စခန်းရှေ့တင်ကျတာပေါ့။ ဒီတစ်ခေါက်ကတော့ တည့်တည့်ကြီးပဲ။ ၁၂ ယောက်သေတယ် လည်းကြားနေတယ်။ စစ်ရှောင်တွေပဲသီးသန့်နေတာ” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်နီပြည်နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းစဥ်များချမှတ် အကောင်အထည်ဖော်နေပြီဖြစ်သော IEC အနေဖြင့်လည်း စစ်ကောင်စီက စစ်ရှောင်ပြည်သူများသာရှိသည့် စခန်းသို့ ရည်ရွယ်ချက်ရှိရှိ လာရောက် တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုမြောက်သဖြင့် ကျူးလွန်သူများကို အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၄)ရက်နေ့နှင့် (၅)ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ရှိ စာသင်ကျောင်းနေရာနှင့် ကယန်းရဲတပ်ဖွဲ့ရုံး (KSP)နေရာများသို့ ဗုံးကြဲချတိုက်ခိုက်ခံရပြီး ရုံးဝန်ထမ်း(၁)ဦး သေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။



















