Home သတင်း နယ်လုံဝန်ကြီး ယာဉ်တန်းကို ကြားဖြတ်တိုက်ခဲ့ဟု ဓဝယ်တပ်တော်ပြော

နယ်လုံဝန်ကြီး ယာဉ်တန်းကို ကြားဖြတ်တိုက်ခဲ့ဟု ဓဝယ်တပ်တော်ပြော

562

ဩဂုတ်၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်လမ်းဆုံအနီး၌ တနင်္သာရီတိုင်း၊ နယ်လုံဝန်ကြီး လိုက်ပါလာသည့် ယာဉ်တန်းကို ပြည်သူ့ကာကွယ်‌ရေးတပ်များက ဩဂုတ် ၁၇ ရက်နေ့တွင် ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်-DNLA က ပြောသည်။

ထိုသို့ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့ဝင်များ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့သလို တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဓဝယ်တပ်တော် ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ယခုလို ပြောသည်။

“အခုတိုက်ပွဲမှာ တော်လှန်ရေးဘက်ကတော့ အထိအခိုက်မရှိဘူး။ စစ်ကောင်စီ ဘက်ကတော့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်းမှာ ၈ယောက် အထိသေဆုံးခဲ့တယ်။ တိုက်ပွဲကတော့ ဒီရက်ပိုင်းအတွင်းမှာဘဲ နှစ်ကြိမ်တိတိ ဖြစ်ပွား ခဲ့တယ်။ ကျနော်တို့ ဘက်ကနေပြီးတော့ စနိူက်ဘာတွေနဲ့ပစ်ခတ်ခဲ့တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက် လမ်းဆုံ၌ စစ်ကောင်စီ တပ်များ တပ်စွဲထားပြီး လမ်းသွားလမ်းလာများကို သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ စစ်ဆေးတင်းကြပ်ခြင်းများ လုပ်ဆောင်လျက်ရှိ ခြင်းကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေသည်ဟု ထားဝယ်မြို့ပေါ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ ပြီးခဲ့တဲ့ရက်က ပြီးသွားတယ်။ အဲ့တာပြီးတော့ စစ်တပ်ကနေပြီးတော့ လက်နက်ကြီးတွေ ရမ်းပြီး ပစ်တာတွေရှိတယ်။ အခုထိတော့ အပြင်ထွက်တဲ့သူ မရှိသေးဘူး။ တပ်စွဲထားတာကလည်း လမ်းဆုံမှာဘဲ ဆိုတော့ သွားရလာရတာ မလွယ်ကူဘူး။ အဲ့နေ့ကဆို လမ်းသွားလမ်းလာတွေကို ရိုက်နှက်တာတွေ တောင်ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေး အရှိန်အဟုန်တိုးမြင့် ဆောင်ရွက်နေသည့်အချိန် ဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန် ရေဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်း ထားသည်။