Home သတင်း ထားဝယ် အရှေ့တောနယ်ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

ထားဝယ် အရှေ့တောနယ်ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

438
Photo: နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

ဩဂုတ် ၁၅ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကြောင်း ထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်း‌ရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီနေ သူများက ပြောသည်။

ထားဝယ်မြို့ ပကာရီ ကျေးရွာအတွင်းသို့ ဩဂုတ် ၇ ရက်မှ စတင်ကာ အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံများ ယခုလို စစ်ရှောင်ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူ တစ်ဦးက ယခုလိုပြောသည်။

“အခုလက်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ အနေအထားမှာ ရှိတယ်။ တိုက်ပွဲအခြေအနေ ကိုတော့ အသေးစိတ်မသိရသေးဘူး။ အင်တာနက်လိုင်း တွေလည်း ဖြတ်တောက်ခံထားရတယ်။ စစ်ကြောင်း ထိုးတဲ့အချိန်မှာ ဒီဟိန္ဒား သတ္တုမိုင်းဘက်က ဖိုးလပြည့်မိုင်းတွင်းမှာ အလုပ်လုပ်နေတဲ့ ဒေသခံသုံးယောက်ဖမ်းခံ ထိတာနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေ များလာတာလည်း ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိအခြေအနေအရ ထားဝယ်အရှေ့တောနယ် အတွင်းရှိ ပကာရီရွာ၊ ပခတ်ရွာ၊ သရက်ငုတ်ရွာ၊ မရမ်းပင်စုရွာ၊ သင်္ကန်းတုန်းရွာနှင့် ဝတုန်းရွာစသည့် ကျေးရွာများမှဒေသခံပြည်သူ တစ်ထောင်ခန့် ထပ်မံ ထွက်ပြေးတိမ်းရှောင် နေရပြီး ထားဝယ်အရှေ့တောနယ်ဒေသအတွင်း စစ်ဘေးရှောင်တစ်သောင်းဝန်းကျင်နှင့်အထက် အထိရှိလာသည့် အတွက် စားနပ်ရိက္ခာအခက်အခဲရှိသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့မှ မြေပြင်တာဝန်ခံ ကိုယောနသံက ပြောသည်။

၎င်းက “အရှေ့တောဒေသမှာက အမြဲတမ်းစစ်ဘေးရှောင်ထက် တိုက်ပွဲဖြစ်ပွားချိန်နဲ့၊ စစ်တပ်က စစ်ကြောင်းထိုးလာချိန် ရှောင်တဲ့ ယာယီစစ်ဘေးရှောင်တွေက ပိုများပါတယ်” ဟု ပြောသည်။

တနင်္သာရီတိုင်းရှိ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာများအရ စစ်ကောင်စီ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ဒုက္ခသည် ၅၀၀,၀၀ ဦး ကျော် အထိရှိကြောင်း အဆိုပါအဖွဲ့က ပြုစုထားသည့် စာရင်းများအရ သိရသည်။