ဇွန်လ ၁၉ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဧပြီးလက စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်ပြီးနောက် မြို့အနီး ကျေးရွာများကို ဒရုန်းများအသုံးပြုကာ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ယခင်က လက်နက်ကြီးကို အားထားအသုံးပြုရာမှ လက်ရှိတွင် ဒရုန်းများကို ပိုမို အသုံးပြုလာပြီးနောက် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လာခြင်းကြောင့် အပြစ်မဲ့ဒေသခံရွာသားများထိခိုက် သေဆုံးမှုရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။
ယခုလို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဇွန်လ ၁၇ ရက်နေ့က ကော့ကရိတ်မြို့မှ ကျေးရွာဘက်သို့ စစ်ရှောင်လာသူ အရပ်သားပြည်သူတစ်ဦး ဆိတ်ကျောင်းနေစဉ် ဒရုန်းဗုံးကြဲခံထိမှန်၍ ပြန်းထန် ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး က ယခုလိုပြောသည်။
၎င်းက “စစ်တပ်က ဒရုန်းတွေတော်တော်အသုံးပြုနေတယ်။ ဒရုန်းတွေလက်နက်ကြီးတွေကြောင့် ရွာသားတွေ တော်တော်စိုးရိမ်ကြောက်လန့်ရတယ်။ ထိခိုက်သေဆုံးတဲ့ရွာသားတွေများနေပြီး။ မနေ့ကလည်း ဒရုန်းဗုံးကြဲချလို့ မြို့ကစစ်ရှောင်လာပြီး ဆိတ်ထိန်းနေတဲ့သူတစ်ဦးထိသေးတယ်။ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက်တော့သေဆုံး သွားတယ်” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ကာလအတော်ကြာစစ်ရှောင်နေရသည့် ကော့ကရိတ်မြို့အနီးကျေးရွာအချို့မှ ကျေးရွာသားများ လည်း မိမိနေရပ် ပြန်လည်နေထိုင်ကြသူအချို့ရှိနေ၍ တိုက်ပွဲဖော်ဆောင်မှုများ ပြုလုပ်ပါက အရပ်သားပြည် သူများ ထိခိုက်မှုမရှိစေရန် ဂရုစိုက်လုပ်ဆောင်စေလိုကြောင်းလည်း ဒေသခံပြည်သူများကပြောသည်။
မြို့အနီးနေထိုင်သူရွာသားတစ်ဦးက” ပြန်နေလို့ရတဲ့ရွာအချို့တော့ရွာသားတွေပြန်နေကြပြီး။ ဒါကြောင့် ဘယ် အဖွဲ့ပဲဖြစ်ဖြစ် ပစ်ခတ်မှုလုပ်မယ် တိုက်ပွဲဖော်ဆောင်မယ်ဆိုရင် အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ဂရု စိုက်လုပ်စေချင်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
စစ်ကောင်စီအနေဖြင့် မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်မှုများ ကြုံနေရ၍ စစ်ရေး ပစ်မှတ်မဟုတ်သည့် အရပ် သားပြည်သူများကို အဓိကပစ်မှတ်ထား တိုက်ခိုက်လာနေပြီး တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် အရပ်သားများဘေး ကင်းလုံခြုံရေးကို ဦးစားပေးလုပ်ဆောင်နေရကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ထို့အပြင် ရွာသစ်ကုန်း၊ ကျောက်စရစ်ကုန်း၊ ကော့နွဲ၊ အံကလော်၊ တတန်ကူး နှင့် နန်းကတိုး စသည့်ကျေးရွာ ဒေသခံများသည် ၃ နှစ်နီးပါး စစ်ရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲများကြောင့် ကျေးရွာသို့ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ခြင်း မရှိသေးသလို နေအိမ်များလည်း ထပ်မံမီးရှို့ဖျက်စီးခံနေရကြောင်း ဒေသခံ ရွာသား များကပြောသည်။



















