ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာတွင် ခြေကုပ်ယူထားသော စစ်ကောင်စီ ရဲစခန်းကို ဇန်နဝါရီလ ၃၁ ရက် ယမန်နေ့ နံနက် ၆ နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချိန် ၅ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်၏ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၄ ဖွဲ့ပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်းကို ဝင်ရောက်သိမ်းပိုက်ခါနီးအချိန်တွင် စစ်ကောင်စီတပ်၏ စစ်စခန်းကုန်းမှ တော်လှန်ရေးတပ်များရှိရာနေရာသို့ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု တိုက်ပွဲအတွင်းပါဝင်သည့် ရေးဘီလူးအဖွဲ့က ပြောသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ခန့်မှန်းခြေထိခိုက်သေဆုံးမှု စုစုပေါင်း ၄၀ ခန့်ရှိနိုင်ပြီး မွန်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအနက် ယခုတိုက်ပွဲသည် အကြီးဆုံးတိုက်ပွဲတစ်ခုဖြစ်သည်ဟု ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က ကေအိုင်စီသို့ ယခုလိုပြောသည်။

“စကစ ဘက်က ထိခိုက်သေဆုံးမှုပေါင်း ခန့်မှန်းခြေ ၄၀ လောက်ရှိမယ်။ ကျနော်တို့က ခြံစည်းရိုးကို လည်းဖောက်ပြီး သွားပြီး ရန်သူကလည်း ကျနေပြီး ဆက်သွယ်ရေးမြောင်းတွေလည်း အကုန်လုပြီးကုန်ပြီး စခန်းကိုလည်း ရခါနီးမှ လေယာဉ် ပစ်ကူကြောင့်ရယ်၊ လက်နက်ကြီးက စက္ကန့်ပိုင်းအတွင်းကို ကျနော်ဘယ်လိုမှ ဆက်ပြီးတောင့်ခံလို့မရ တော့ဘဲ ကျနော်တို့ ပြန်ဆုတ်တယ်။ တိုက်ပွဲက လုံးဝကို အချိန်ကြာ မြင့်တယ်။ သတ်မှတ်ထားတဲ့အချိန်ထက်ကို တိုက်ပွဲကို ဖော်ဆောင်သွား တယ်။ မနေ့ကပွဲက မွန်ပြည်နယ်မှာအကြီးဆုံးပွဲလို့ သတ်မှတ်လို့ရတယ်။”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အနင်းကျေးရွာတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်၏ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကောတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သလို KNLA တပ်ရင်း ၂၇ မှ ရဲဘော်တစ်ဦးနှင့် တောင်ညိုစစ်ကြောင်းမှ ရဲဘော် ၂ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
ယမန်နေ့တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်၏ ၃၁၇ အမြှောက်တပ်နှင့်လေကြောင်းမှတစ်ဆင့် ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် ရွာအတွင်းရှိ ဒေသခံအရပ်သားပြည်သူ၏ နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မနေ့ကစစ်တပ်စခန်းကုန်းကနေ လက်နက်ကြီးတောက်လျှောက်ထုတာ ရွာကအိမ်တွေလည်း ထိကုန်တယ်။ အသံ စပြီးကြားတာနဲ့ ထွက်ပြေးကြပြီး။ မနေ့ကဆိုရင် ရွာသားတွေရော ကားတွေရော အကုန်ရွာထဲမှာပဲ ပိတ်မိနေတယ်။ တစ်ချို့ လူတွေကျတော့ ရွာအပြင်ဘက်က နေရာတွေကို ထွက်ပြေးကြတယ်။ အခုလက်ရှိတော့ ပြန်ငြိမ်နေတယ် ။ ဘာမှမကြားရသေးဘူး။ ”ဟု ဆိုသည်။
မွန်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အပါအဝင် မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ဒေါန စစ်ကြောင်း၊ ABSDF တပ်ရင်း (၁) ၊ ရေးပြောက်ကျားတပ် (YGF) ၊ Ye Defense Force – YDF၊ Mon State Revolutions Organization-MSRO၊ နှင့် Ye Air Force-YAF ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ ဘီး လင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ သထုံခရိုင်အလုပ်အဖွဲ့-ABSDF၊ စသည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းကို မကြာခဏတိုက်ခိုက်မှု ပြုလုပ်ပြီး စစ်ရေးလှုပ်ရှားလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မွန်ပြည်နယ်တွင်း အခြေပြုလှုပ်ရှားနေသည့် တောင်ပိုင်းဒေသ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်တို့ တွေ့ဆုံခဲ့ပြီး စစ်ရေးအရှိန်မြင့်လုပ်ဆောင်သွားနိုင်ရေးကို ပြောဆိုဆွေးနွေးခဲ့ကြသေးသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။



















