Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်း၊ ဝင်းတာပန်ရွာရှိ နေအိမ် (၉)လုံး ထိခိုက်ပျက်စီးခဲ့

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်း၊ ဝင်းတာပန်ရွာရှိ နေအိမ် (၉)လုံး ထိခိုက်ပျက်စီးခဲ့

694
Photo- KNU

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်၊ နံနက်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံနေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင်က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် (အမတ-၃၁၄)တပ်ရင်း တပ်စခန်းနှင့် ခြေလျင်တပ်ရင်း (ခမရ-၂၀၈) တပ်စခန်းတို့မှ ထိုနေ့နံနက် နံနက် (၈)နာရီ (၁၀)မိနစ်မှ ည (၆)နာရီ (၂၃)မိနစ်အထိ လက်နက်ကြီးအလုံးပေါင်း (၂၄)လုံး ပစ်ခတ်ရာ ယားမတင်၊ တီးပါသာ၊ စောလိဘော၊ တီးကျောချစ်၊ တီးကာလု၊ ဖီးမမြိုင်၊ တီးခင်မောင်သန်း၊ ယားချယ်နှင့် ယားမော်ဦးအိမ်တို့အား ကျည်စထိမှန်ပျက်စီးခဲ့ပြီး ကွမ်းပင်၊ အုန်းပင်၊ ငှက်ပျောပင်နှင့် သရက်ပင် စသောသီးနှံပင်များ စိုက်ပျိုးထားသည့် ခြံတစ်ခြံလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃)ရက်နေ့ ည (၇)နာရီခန့်တွင်လည်း ၎င်း(ခမရ-၂၀၈)တပ်ရင်း တပ်စခန်းမှ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာထဲသို့ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ တီးလေ့လိုဆိုသူ နေအိမ်အား လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ည (၆)နာရီ (၂၆)မိနစ်တွင်လည်း ထိုစစ်တပ်က လက်နက်ကြီး (၁)လုံး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ကျောက်ဖျာရွာဘေးရှိ နို့တလီ(ဒေသခေါ်ဝေါ်)နေရာတွင် ကျရောက်ပေါက်ကွဲ၍ တီးမြသန်းဆိုသူ ပိုင်သော ကောက်ရိုးတဲ (၁)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

အမြှောက်တပ်(အမတ-၃၁၄)တပ်ရင်းသည် ကေအဲန်ယူ-သထုံမြို့နယ် ဇီးဝန်းတောင်ပေါ်တွင် တပ်စွဲထားပြီး (ခမရ-၂၀၈) တပ်ရင်းမှာမူ ကေအဲန်ယူ-ကမမောင်းမြို့၊ ကွမ်းနဝင်းဘုန်းကြီး ကျောင်းအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းတို့ ဖြစ်သည်ဟု သိရသည်။