ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ၎င်း၏လက်အောက်ခံနယ်ခြားစောင့်တပ် (BGF) နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဖားအံခရိုင်အတွင်းသို့ ထောင်နှင့်ချီ ဝင်ရောက်ခိုလှုံလာကြသည့် စစ်ဘေးရှောင်များမှာ နေထိုင်ရေးအခက်အခဲရှိနေသည်ဟု သိရသည်။
ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ယနေ့အချိန်ထိတိုက်ပွဲများ ဆက်ဖြစ်ပွားနေ သောကြောင့် ကော့ကရိတ်ဒေသခံများမှာ နဘူး၊ ပိုင်ကျုံ နှင့် ဒုံရင်း အစရှိသည့် မြို့နယ်များသို့ စစ်ဘေးရှောင် လာခဲ့ကြပြီး စစ်ရှောင်လာသူ လူဦးရေများလွန်းသောကြောင့် နေရာထိုင်ခင်းလုံလောက်မှုမရှိကြောင်း နယ်မြေခံတာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“ဘာဖြစ်လို့လဲဆိုတော့ လူတွေကအရမ်းများတယ်။ ဖြစ်သမျှ စစ်ရှောင်တွေမှန်သမျှ ဒီဘက်မှာပဲ လာစုနေ တာ။ တချို့ဆိုရင် စောင်တွေတောင်ပါမလာဘူး။ ဆောင်းတွင်းကာလ အေးတဲ့အတွက် စီစဥ်ပေးရတာရှိ တယ်။ လုံလောက်မှုတော့ မရှိသေးဘူး။ အကူအညီကတော့ လိုနေတယ်။ ငွေရေးကြေးရေးအပိုင်းရော၊ စား သောက်ရေးအပိုင်းရော၊ အဝတ်အထည်တွေရော၊ နေရာထိုင်ခင်းအတွက်ရော အကူအညီများစွာ လိုအပ် နေတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိကျေးရွာများမှ နေထိုင်သည့် ဒေသခံ (၁,၅၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး ဖားအံခရိုင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူဦးရေမှာ လက်ရှိ ကနဦး ကောက်ယူ ထားသည့် စာရင်းများအရ (၄,၀၀၀)ကျော်ရှိကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။
ဖားအံခရိုင်အတွင်းသို့ ရောက်လာသောစစ်ရှောင်များကို ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက လိုအပ် သည့် အကူအညီများကို ဆောင်ရွက်ပေးနေသလို သက်ဆိုင်ရာအကူအညီပေးသည့် အဖွဲ့စည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်၍ နေထိုင်ရေး၊ စားသောက်ရေးနှင့် ဆေးဝါးကုသရေးတို့ကို ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက“တချို့လက်နက်ကြီးထိတဲ့လူတွေကို ဆေးကုသမှုပေးတာရှိတယ်။ လူကြီးတွေကိုလိုအပ်တဲ့ ဆေး ကုသမှုပေးတာတွေရှိတယ်။ ကလေးသူငယ်တွေကိုလည်း ဆေးစစ်ပေးတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့အဆင်ပြေအောင်လို့ ပေးနေထားတယ်။ တချို့ဆိုရင် နေစရာမရှိသေးဘူး။ ရှောင်လာတဲ့လယ်ကွင်းတွေ ထဲမှာ တာလပတ်တွေထိုးပြီး ပေးနေရတယ်။ တချို့နေရာမှာဆိုရင် နွားခြံ၊ ဆိတ်ခြံထဲပဲ နေရတာရှိတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်း ယနေ့အချိန်ထိ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ အရပ်သားပြည်သူများရှိရာ နေအိမ်များသို့ လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျေးရွာနှင့် မြို့ထဲ တွင်း နေထိုင်ရန် လုံခြုံမှုမရှိသည့်အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်ဟု ကော့ကရိတ်မှ စစ် ဘေးရှောင်လာသူများက ပြောသည်။
ကော့ကရိတ်မြို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၉၇) တပ်ရင်းမှ မြို့တွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း နှင့် လေကြောင်းဖြင့် နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကော့ ကရိတ် မြို့၏ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီ နေသူများက ပြောသည်။



















