ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပုလောမြို့နယ် ကျေးရွာများတွင် စစ်ကောင်စီမှ မကြာခဏစစ်ကြောင်း ထိုးဝင်ရောက်မှုများကြောင့် ဒေသခံများအနေဖြင့် ရိတ်သိမ်းပြီးသားစပါးများကို သိုလှောင်ရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
ပုလောမြို့နယ်ရှိ ကျေးရွာများတွင် ယခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာရှိ ဒေသခံများအနေဖြင့် နေအိမ်စွန့်ခွာထွက်ပြေး နေရကာ ရိတ်သိမ်းပြီးသား စပါးများကို သိုလှောင်ရန်အခက်အခဲများရှိနေကြောင်း ပုလောမြို့နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ဒီနှစ်ထဲမှာ စစ်တပ်က ခဏခဏ ရွာထဲဝင်တော့ ရုတ်တရက်ပြေးရတာများတယ်။ အဲ့ဒါကြောင့် စပါး တွေကိုဘယ်လိုမှ မသယ်နိုင်ဘူး။ တစ်ရက်နှစ်ရက်စာလောက်ဘဲ အများဆုံးသယ်နိုင်တယ်။ စပါးကရောင်းရင် လာဝယ်မဲ့သူကို စောင့်ပြီးရောင်းရတာလေ။ အဲ့တော့ စပါးထားဖို့အတွက် နေရာအခက်အခဲတွေရှိတယ်။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ပုလောမြို့အပါအဝင် ၎င်းမြို့အနီးရှိ ပလမြို့နယ်နှင့် ပလောက်မြို့နယ်များတွင် စစ်တပ်မှ ဆန်သယ် ဆောင်ခွင့်ကို ကန့်သတ်ပိတ်ပင်ထားသောကြောင့် ဆန်လာရောက်ဝယ်မည့်သူမရှိသည့်အပြင် ရိတ်သိမ်းပြီးသား ဆန်၊ စပါးများကို ရရာဈေးဖြင့် ရောင်းချနေရသောကြောင့် အရှုံးများဖြင့်သာရင်ဆိုင်နေရကြောင်း ပုလောမြို့နယ် လမ်းပိုင်းအတွင်းသွားလာနေသူတစ်ဦးက ပြောသည်။
၎င်းက“ပုလောမှာ ဆန်သယ်တာကို ကန့်သတ်ထားတာကြာပြီး။ ဘယ်သူမှ ဆန်မသယ်ရဲတော့ရတဲ့ဈေးနဲ့ ရောင်းရ တယ်။ အကယ်၍မရောင်းပြန်ရင်လည်း စစ်တပ်ဝင်လာရင် အကုန်မီးရှို့တော့ဘာမှပြန်မရတော့ဘူး။ အဲ့လိုအခြေနေတွေရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း ပုလောမြို့အနီးရှိ မြိတ်-တနင်္သာရီလမ်းပိုင်းပေါ်တွင် သွားလာနေသော စစ်ကောင်စီယာဉ်နှစ်စီးကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပဒေသာ မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကား တစ်စီးပျက်စီးခဲ့ကာ စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယခုလို ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲအရှိန်မြင့်တက်လာနိုင်သောကြောင့် ဒေသရှိပြည်သူများအနေဖြင့် စစ်ရေး သတိရှိရှိဖြင့် သွားလာကြရန်အပြင် တော်လှန်ရေးအင်အားစုများမှ လိုအပ်ချက်အရ ထုတ်ပြန်ထားသည့် စည်း ကမ်းများကို လိုက်နာကြရန် PDF မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။



















