Home သတင်း စစ်ကောင်စီ၏ ထုံခါရဲဘက်အကျဉ်းစခန်းတစ်ခု မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းညီနောင်တပ်ပေါင်းစု ထုတ်ပြန်

စစ်ကောင်စီ၏ ထုံခါရဲဘက်အကျဉ်းစခန်းတစ်ခု မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းညီနောင်တပ်ပေါင်းစု ထုတ်ပြန်

806
Photo: SBA

ဒီဇင်ဘာလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေကြီး၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာအနီးရှိ စစ်ကောင်စီတပ်သားများ မကြာခဏ ကင်းပုန်းဝပ်လေ့ရှိသည့် ဆင်ဖြူရှင်(၄)ရဲဘက် အကျဉ်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းညီ နောင်တပ်ပေါင်းစု (SBA)စစ်ကြောင်းက ဒီဇင်ဘာလ(၄)ရက်၊ ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။

၎င်းအကျဉ်းစခန်းရှိ အကျဉ်းသားများ၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းမိသားစုများသည် ပြီးခဲ့ သည့်လ နောက်ဆုံးအပတ်ကတည်းက မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ရဲဘက်စခန်းသို့ ပြောင်းရွှေ့ သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မကြာခဏ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်နေသောကြောင့် နေ့လည်(၁၂) နာရီဝန်းကျင်အချိန်တွင် သွားရောက် မီးရှို့ခဲ့ကြောင်း တောင်ပိုင်းညီနောင်တပ်ပေါင်းစု (SBA)စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက ပြောသည်။

၎င်းက “ စစ်တပ်က အဲ့ဒီနေရာမှာ ခဏခဏ လာပြီးကင်းပုန်းဝပ်တယ်။ အဲ့လိုကနေမှတစ်ဆင့် နယ်မြေတိုးချဲ့တာတွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာတဲ့အတွက် မီးရှို့လိုက်ရခြင်းဖြစ်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

တောင်ပိုင်းညီနောင်တပ်ပေါင်းစု (SBA)စစ်ကြောင်းမှ ထုံခါရဲဘက်အကျဉ်းစခန်းကို မီးရှို့ရာတွင် အုတ်နှင့်တည်ဆောက်ထားသည့် အဆောက်အအုံသုံးခုမှလွဲ၍ ကျန်နေသည့် အဆောက်အအုံများ ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Photo: SBA

တနင်္သာရီမြို့နယ်အပါအဝင် အလုပ်ကြမ်းစခန်း စုစုပေါင်း (၃)ခုရှိနေပြီး ၎င်းတို့ထဲမှ အကျဉ်းသား အများစုနှင့် မူးယစ်ဆေးဝါးအမှု အကျဉ်းသားများရှိရာ ရဲဘက်အကျဉ်းစခန်းမီးရှို့ခံရသည့်ယခုဖြစ်စဉ်သည် တနင်္သာရီတိုင်းတွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။

ထုံခါရဲဘက် အကျဉ်းစခန်းကို သွားရောက်မီးရှို့ခဲ့သည့် (SBA)စစ်ကြောင်းကို ပြီးခဲ့သည့် အပတ်မှစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်ကြောင်းတွင် ကော်သူးလေအာမီ-KTLA၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် People Liberation Army(PLA) ပူးပေါင်းစစ်ကြောင်းများပါဝင်ကြောင်း ၎င်းတို့ ထုတ်ပြန်ထားချက်အရ သိရသည်။