Home သတင်း ထားဝယ်အကျဉ်းထောင်တွင်း ရှောင်တခင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာပြီး ပြစ်ဒဏ်တိုးမှုများ လုပ်ဆောင်နေ

ထားဝယ်အကျဉ်းထောင်တွင်း ရှောင်တခင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာပြီး ပြစ်ဒဏ်တိုးမှုများ လုပ်ဆောင်နေ

806

ဩဂုတ်လ ၁၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အကျဉ်းထောင်တွင် ယခင်လဇူလိုင်လမှစ၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာပြီး ကန့်သတ်ပိတ်ပင်ထားသည့် ပစ္စည်းများ လက်ဝယ်တွင် စစ်ဆေးဖမ်းဆီးရမိသူများကိုလည်း ထောင်ဒဏ်တိုးချမှတ်မှုများ လုပ်ဆောင်လာကြောင်း အကျဉ်းထောင်နှင့်နီးစပ် သူများထံမှ သိရသည်။

ထားဝယ်အကျဉ်းထောင်အတွင်းရှိ ထောင်ဝန်ထမ်း(၄)ဦးတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည်ဟုဆိုကာ ယခင် ဇူလိုင်လတတိယအပတ်မှ စတင်၍ အကျဉ်းထောင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထောင်အတွင်း ရှောင်တခင်ဝင်ရောင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အကျဉ်းသားများထံတွင် မိုဘိုင်းဖုန်း ဖမ်းဆီးရရှိမှုများကြောင့် လက်ဝယ်တွေ့ရှိသူများကို ထောင်ဒဏ်(၆)လအထိ ပြစ်ဒဏ် တိုးမြှင့်ချမှတ်မှုများ လုပ်ဆောင်နေကြောင်း ထောင်တွင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ အရင်ကတော့နားလည်မှုနဲ့ ဖုန်းပြောလို့ရတယ်။ ဝန်ထမ်းတွေကို ပိုက်ဆံပေးပြီး ဖုန်းသွင်း ခိုင်းရတယ်။ ဖုန်းခိုးပြောတာမျိုးပေါ့။ အခုနောက်ပိုင်း စစ်တပ်က စစ်ဆေးရေးဝင်တယ်။ ဖုန်းဖမ်းမိရင် ထောင် ၆လ ထပ်တိုးတွေ လုပ်တယ်။ အရင်က ဖုန်းဖမ်းမိရင် ဖုန်းပဲသိမ်းတယ် အမှုမတိုးဘူး။ အခုက ဖုန်းမိရင်အမှုတိုးတယ်ဆိုတော့ သိပ်မပြောရဲကြတော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါထားဝယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် Covid-19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင် ကာ ပြည်သူများကို အကြောင်းအမျိုးမျိုးပြပြီး ဧည့်တွေ့ခွင့်ကို ယခုအချိန်ထိပိတ်ထားလျက်ရှိပြီး စစ်ဆေး တင်းကြပ်မှုများ ပြုလုပ်လာပြီးနောက်ပိုင်းတွင်လည်း အကျဉ်းသားမျာကို ပါဆယ်ပို့ခွင့်ကိုပါ ပိတ်လိုက် ကြောင်း အကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

“ဟိုအရင်ကတည်းက ဧည့်တွေ့သွားပြီးဆိုရင် ကိုဗစ်ဖြစ်လို့ဘာလိုဆိုပြီး ပြောတယ် ပေးမတွေ့ဘူး။ အခုလိုတွေဖြစ်လာတော့ ပါဆယ်ပေးမပို့တော့ဘူး။ အထဲမှာက စစ်တပ်က စိတ်ကြိုက်လုပ်နေတာ။ ပြီးခဲ့တဲ့ရက်က ပြန်လွတ်လာတော့လည်း သူခိုးတွေ၊ ဓားပြတွေ လွတ်ရက်စေ့ခါနီးသူတွေပဲ ပြန်လွတ် လာတာ။ ပြီးတော့ အခုဖုန်းသိမ်းခံမိတဲ့သူတွေကိုလည်း ထောင်ပြောင်းမယ်လို့ပါ ပြောနေကြတယ်။”ဟု ၎င်းအကျဉ်းသား၏ ဇနီးက ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လလဆန်း ၁ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွှတ်ပေးသည့်ချိန်တွင်လည်း ထားဝယ်ထောင်မှ အကျဥ်းသား ၃၅ ဦး လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၃ ဦးသာပါဝင်ခဲ့ကြောင်းဒေသခံများက ပြောသည်။

ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး လေးရာ ဝန်းကျင်မှာ နိုင်ငံရေးအကျဥ်းသားများ ဖြစ်ကြောင်းဒေသတွင်း သတင်းမီဒီယာများ၏ ရေးသားဖော်ပြ ချက်များအရ သိရသည်။