ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်၊ မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာနေခြင်းကြောင့် ဒေသတွင်း အဓိက ဆက်သွယ်ရေး လမ်းမကြီးများ တောင်ပြို၊ လမ်းပျက်၊ ရေကြီးရေလွှမ်းရေကျော်နေမှုများဖြစ်ပေါ်နေပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေသည့်အတွက် ခရီးသွားစရိတ်များ မြဝတီမှရန်ကုန်အထိကို ကားခ ၆ဝ,ဝဝဝ(ခြောက်သောင်း)ဝန်းကျင်အထိ စျေးတက်လာနေကြောင်း ယာဥ်မောင်းနှင့် ယာဥ်လိုင်း လုပ်ငန်း ရှင်များ ပြောစကားအရ သိရှိရသည်။
ဩဂုတ်လ ဆန်းရက်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် မြဝတီမြို့ပေါ်ရပ်ကွက်များတွင် ရေကြီး၊ ရေလွှမ်းနေပြီး မြဝတီအဝေးပြေးကားဝင်းမှ အမြန်ယာဥ်လိုင်းကြီးများ ရပ်နားထားရ သည့်အ တွက် အိမ်စီးကား၊ စင်လုံးငှားကားဖြင့် သွားလာကြရာတွင် မြဝတီ-ရန်ကုန် ကားခမှာ ခြေက်သောင်း ကျပ် ဝန်းကျင်အထိ စျေးမြင့်တက်လာနေသည့်အခြေအနေကို မြဝတီရွှေမြစန္ဒီအဝေးပြေးကားဝင်းမှ ယာဥ်လိုင်းတာဝန်ခံတစ်ဦးက ယခုလို ပြောသည်။
“မြဝတီကနေ ရန်ကုန်ပြန်ဆင်း ဖို့ကားခ အန်စာတုံးကားခ ၆ သောင်းတောင်းတယ်။ ဖားအံဆို နှစ်သောင်းသုံးသောင်း တောင်းတယ်။ ပရိုဘောက်တို့၊ ဘောက်ဆီတို့လည်း ရန်ကုန်ဆို စျေးက ငါးသောင်းခြောက်သောင်းတွေ ဖြစ်ကုန်တယ်။ ဒါတောင် တဆင့်ထဲလား ကားပြောင်းချိန်ပြီး တင်ပေးပို့ ပေးမလားဆိုတာ လမ်းပျက်နေတာ ရေကြီးနေတာပေါ်မူတည်သေးတယ်။ ကားကြီးဝင်းက Express ခရီးသည် လိုင်းကားတွေသွားမရတော့ ကားစီးခက စျေးတက်နေတယ် ”ဟု ၎င်းယာဉ်မောင်းက ပြောသည်။
လက်ရှိ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် လမ်းပိုင်း၊ ဖားအံ-ကျိုက်ထိုလမ်းပိုင်း၊ ဖားအံ-မော်လမြိုင် လမ်းပိုင်း ၊ ကော့ကရိတ် -ကြာအင်းဆိပ်ကြီးလမ်းပိုင်းများ တောင်ပြို၊ ရေကြီး၊ ရေကျော်ပြီး လမ်းများ ပျက်စီးနေခြင်းကြောင့် လမ်းပန်းဆက်သွယ်းရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေကြောင်း ဒေသခံ များက ပြောသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသော်လည်း လမ်းပိုင်းများတွင် စစ်အင်အားတိုးချဲ့ထားသည့် BGF တပ်နှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်း ဂိတ်စခန်းများမှ ခရီးသွားများနှင့် ကားသမားများ အပေါ် ငွေကြေးအကောက်အစား တောင်းခံမှုပိုများလာသည့်အတွက် ကားခအပြင် အကောက်အစား ဂိတ်ကြေးပါ ပိုပေးပြီးသွားလာနေရသည့် အခြေအနေဖြစ်နေကြောင်း ကားလိုင်းဆွဲနေသူတစ်ဦးက ပြောသည်။
“အခုက ရေကြီးတယ်။ တောင်ပြိုတယ်။ တိုက်ပွဲ ဖြစ်တယ်။ ဒါပေမယ့် ကားအသေးတွေ အိမ်စီးကားတွေ သွားလို့ရတယ်။ BGF ၊ DKBA ၊ KNU ၊ PC ဂိတ်နဲ့ စစ်တပ်ဂိတ်တွေ ပိုက်ဆံတောင်း သလောက် ပေးရ တယ်။ ကားကြေး၊ လူကြေး၊ ကုန်ကြေးအကုန်တောင်းတယ်။ သူတို့တောင်းသလောက် ပေးရတယ်။ မပေးချင်ရင် ကားရပ်ထား၊ လူဆိုရင် ဆင်းနေခဲ့ရတယ်။ တောင်းသလောက်မပေးရင် လိုရာခရီးဆက် သွားလို့မရဘူး ”ဟု လက်ရှိ မြဝတီ -ရန်ကုန် ကားလိုင်းဆွဲနေသူက ပြောသည်။
လတ်တလောတွင် မြဝတီမှကော့ကရိတ်အထိ ကားကြေး၊ ခရီးသည်ကြေးအဖြစ် ကုန်ကျစရိတ်မှာ ကားအကြီးအသေးပေါ်မူတည်၍ ကျပ်သုံးသောင်းမှ ငါးသောင်းအထိ ကုန်ကျပြီး ကော့ကရိတ်မှ ဖားအံအထိကိုလည်း ဂိတ်ကြေး၊ တံတားကြေးအဖြစ် နောက်ထပ်ကျပ်နှစ်သောင်းခန့်ပေးမှ ဖားအံ မြို့ အထိသွား၍ရကြောင်း လက်ရှိ မြဝတီ -ရန်ကုန် အိမ်စီးကားအသေးများဖြင့် ခရီးစဥ်ဆွဲနေသည့် ယာဥ်မောင်းများ ပြောစကားအရ သိရသည်။



















