Home သတင်း ထမင်းဟင်းမရောင်းရသဖြင့် ဖားအံ-မြဝတီ အာရှလမ်းဘေးရှိ ဆိုင်အချို့ ပိတ်လိုက်ရ

ထမင်းဟင်းမရောင်းရသဖြင့် ဖားအံ-မြဝတီ အာရှလမ်းဘေးရှိ ဆိုင်အချို့ ပိတ်လိုက်ရ

863

ဩဂုတ် ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တရိပ်ရိပ်ထိုးတက်လာသည့် ကုန်ဈေးနှုန်းနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခအခြေအနေကြောင့် ဖားအံ-မြဝတီ အာရှကုန်သွယ်ရေးလမ်းမဘေးတွင် ဖွင့်လှစ်ထားသည့် မြန်မာထမင်းဟင်းဆိုင်အချို့သည် ထမင်းဟင်းများမရောင်းရသဖြင့် ဆိုင်ပိတ်လိုက်ရသည့် အခြေအနေထိ ရှိလာကြောင်း သိရသည်။

ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်မှုနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် ထမင်းဟင်းရောင်းအား ကျဆင်းပြီူး အရှုံးများနှင့် ရင်ဆိုင်နေရ၍ မြန်မာထမင်းဟင်းဆိုင်များအချို့ ဆိုင်ပိတ်လိုက်ရသည့် အခြေအနေနှင့်ပတ်သက်၍ ထမင်းဆိုင်ပိတ်လိုက်ရသူ တစ်ဦးက ယခုလို ပြောသည်။

“ကုန်ဈေးနှုန်းက အတက်ကြီးပဲရှိတယ်။ ထမင်းဟင်းကလည်း သွားလာတဲ့သူနည်းတော့ ရောင်းအားမကောင်းဘူး။ ဟင်းကတစ်ရက်စာပဲကောင်းတယ်။ ဟင်းချက်ဖို့ ကုန်ကျမှုလည်းများတယ်။ ရောင်းမ‌ကောင်းတော့ အရှုံးပဲရှိတယ်။ နောက်ဆုံးတော့ ဆိုင်ပိတ်လိုက်ရတယ်”ဟု ထိုထမင်းဆိုင်ပိတ်လိုက်ရသူက ကေအိုင်စီသို့ ပြောသည်။

အလားတူ ဖားအံ-မြဝတီ အာရှလမ်းမပေါ် သွားလာကြသည့် ခရီးသွားလာသူများကလည်း အလုပ်အကိုင်၊ ဝင်ငွေများ ခက်ခဲကြပ်တည်းနေသဖြင့် အသုံးစရိတ်များ ချွေတာကာ လိုအပ်မှသာချင့်ချိန်သုံးစွဲနေရကြောင်း ခရီးသွားလာသူ ကားသမားများက ပြောသည်။

ကားသမားတစ်ဦးက “ကုန်ဈေးနှုန်းတွေဈေးတက်တော့ ထမင်းဟင်းလည်း ဈေးတက်လာတယ်။ လူတွေကလည်း အလုပ်အကိုင် ဝင်ငွေကရှားတယ်။ ကျနော်တို့ ကားမောင်းတဲ့သူလည်း ‌ဆီဈေးတက်တာနဲ့သိပ်မကိုက်တော့ဘူး။ အသုံးစရိတ်တွေလျော့နေရတယ်”ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်တွင် ဖားအံ-မြဝတီ အာရှလမ်းဘေးရှိ မြန်မာထမင်းဟင်းဆိုင်များတွင် ထမင်း ဟင်းတစ်ပွဲလျှင် ၁၅၀၀ ကျပ်ဝန်းကျင်သာရှိရာမှ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကုန်ဈေးနှုန်း အသီးသီး တက်ကာ လက်ရှိတွင် ထမင်းဟင်းတစ်ပွဲလျှင် ၃၅၀၀ ကျပ်အထိရှိလာကြောင်း သိရသည်။

အခြေခံစာသုံးကုန်များဖြစ်သော ဆန်၊ ကြက်သွန်၊ ငရုပ်၊ ဆီ၊ အသားငါးတို့ ဈေးနှုန်းများအဆမတန်တက်နေသဖြင့် ထမင်းဟင်းရောင်းချသူများသည် ဟင်းပွဲဈေးနှုန်းတင်ရောင်းသော်လည်း ခရီးသွားလာသူနည်းပါးပြီး ရောင်းအား မကောင်းသဖြင့် ဆိုင်ပိတ်လိုက်ရ၍ အခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်သူများလည်းရှိလာသည်ဟု သိရသည်။