Home သတင်း ကရင်ပြည်နယ်တွင် မြစ်၊ ချောင်းများ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်

ကရင်ပြည်နယ်တွင် မြစ်၊ ချောင်းများ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်

431

ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဒုတိယဝါဆို ယခုဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ကရင်ပြည်နယ်တွင်း မြစ်၊ ချောင်းများ ရေ ကြီးရေလျှံမှုဖြစ်ပွားကာ ကျေးရွာအမြောက်အများနှင့် ရွာချင်းဆက်လမ်းတံတား အများအပြား ရေနစ်မြှုပ်မှုဖြစ် ပေါ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ဖားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲမြို့များရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် လူနေအိမ် များနစ်မြှုပ်သည့်အတွက် ဒေသခံပြည်သူအများအပြား နေရာပြောင်းရွှေ့နေထိုင်ရသလို အချို့ကျေးရွာများတွင် လည်း ရေနစ်မြှုပ်နေသည့်အတွက် နီးစပ်ရာ ကုန်းအမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းနှင့် အသိမိတ်ဆွေအိမ်များတွင် သွားရောက်တိမ်းရှောင်ခိုလှုံနေထိုင်ကြရသည်ဟု သိရသည်။

သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ဒေသခံတစ်ဦးက“ မနေ့ကတည်းက သံလွင်မြစ်ရေကျော်ပြီး သံလွင် အနောက် ဘက်က ရွာတွေထဲမှာ ရေစဝင်တာ။ ဒီမနက်က ပိုဆိုးလာတယ်၊ အခြေအနေစောင့်ကြည့်ရမယ်။ သတိတော့ ထားရမယ်။ ဒါတောင် အထက်ဘက်က ရေတွေအောက်ဘက်အကုန်မရောက်သေးဘူး။ ရေကြီးဖို့ရှိ အုံးမယ် ထင်တယ်။ ဒီဘက်က လယ်တွေကအကုန်ရေအောက်ရောက်ကုန်ပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြို့တွင်း မြေနိမ့်ပိုင်းရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ရေလွှမ်းမိုးမှု တစ်ပတ်ကျော်ကြာ နေပြီးဖြစ် သည့်အတွက် လက်လုပ်လက်စားပြည်သူများမှာ အလုပ်အကိုင်အခက်အခဲရှိလာ၍ စားဝတ်နေရေး အတွက်အခက်အခဲရှိလာသည်ဟု ဖားအံမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

“မြို့မှာတော့ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတော့ စီးပွားရေးအဆင်မပြေတဲ့သူတွေ၊ တခြားနေရာသွားနေဖို့ အသိမိတ်ဆွေမရှိတဲ့လူတွေကတော့ သွားနေတယ်။ ဇာသပြင် သံလှယ်ဘက်က တချို့ဆိုရင် အိမ်ခေါင်မိုးပဲ ပေါ်တော့တယ်၊ ရေမြှုပ်တာကြာပြီး။ ရေကြီးတော့ ဘာအလုပ်မှလုပ်လို့မရဘူး။ စီးပွားရေး အဆင်မပြေတဲ့ကြား ကလမ်းတွေလည်း တော်တော်များရေကျော်တော့သွားလာလို့မရဘူး” ဟု ၎င်းဒေသခံက ပြောသည်။

ယနေ့ဩဂုတ်လ ၈ရက်နေ့တွင် ဖားအံ-ဇာသပြင်လမ်း၊ ဖားအံ- သထုံလမ်း၊ ဖားအံ-ရှမ်းရွာသစ်လမ်းစ သည့်နေရာများတွင် မော်တော်ယာဉ်ငယ်များသတိဖြင့် ဖြတ်သန်းသွားလာနေရသလို တောင်ကျရေကြောင့် ရှမ်းရွာသစ်မြို့တွင်လည်း တံတားတစ်စင်းပျက်ကျသွားသေးသည်ဟု ဒေသခံထံမှ သိရသည်။

ကရင်ပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားသည့်အတွက် ကားများသွား လာ၍မရတော့သလို နဘူး-ထို့ကော်ကိုးဘက်တွင်လည်း တောင်ကျချောင်းရေကြောင့် လမ်းပိုင်း ၃နေရာ ရေတိုက်စားကာ လမ်းပျက်သွားသည့်အတွက် လက်ရှိအချိန်တွင် မြဝတီတောင်ပေါ်လမ်းဟောင်းကိုသာ မော်တော်ယာဉ်ငယ်များ သတိဖြင့်သွားလာနေရကြောင်း သိရသည်။

မိုးလေဝသ၏ ဇလဗေဒဦးစီးဌာန၏ ဩဂုတ်လ ၉ရက်နေ့ ထုတ်ပြန်ချက်အရ ဖားအံသံလွင်မြစ်ရေသည် မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၈၉၂ စင်တီမီတာရှိပြီး မြဝတီသောင်ရင်းမြစ်သည် မြစ်ရေစိုးရိမ်ရေမှတ် ၉၉၄ စင်တီမီတာ တွင်ရှိသည်။ ၂၄ နာရီအတွင်း မြစ်ရေပိုကြီးလာနိုင်သလို ဩဂုတ်လ ၁၀ရက်နေ့ နောက်ပိုင်းတွင် မြန်မာပြည် တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် မိုးနည်းလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။