ဇူလိုင်လ ၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အခြေစိုက်သည့် ပုလောကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Palaw-KPDF)သည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုး သားကာကွယ်ရေးအဖွဲ့(KNDO) တပ်ရင်း(၇)၏ တပ်ခွဲ(၅)အဖြစ် တရားဝင်ပြောင်းလဲရပ်တည်လိုက်ကြောင်း ယမန်နေ့ ဇူလိုင်လ ၂ရက်နေ့စွဲဖြင့် Palaw-KPDF က တရားဝင်ထုတ်ပြန်လိုက်သည်။
အဆိုပါ Palaw-KPDFအဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်လုပ်တူမီးသေနတ်များဖြင့် နယ်မြေအတွင်း စစ်ရေးလှုပ်ရှားဆောင်ရွက်ခဲ့ရာမှ ယခုလို ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း Palaw-KPDF တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။
“KNU/ KNDOအဖြစ် ပြောင်းလဲလိုက်ခြင်း ရည်ရွယ်ချက်က ကရင်တိုင်းရင်းသားအားလုံး ပိုပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ အာဏာရှင်ကို အပြီးပိုင်တိုက်ထုတ်ဖို့။ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ပိုမိုပြီး အင်အားတောင့်တင်းမှု အားကောင်းလာစေဖို့။ ကော်သူလေး နယ်မြေ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် Palaw –KPDFအဖွဲ့ အနေဖြင့် စစ်ရေးလှုပ်ရှားမှုတိုက်ပွဲ စုစုပေါင်း (၄၄) ကြိမ် အထိဖော်ဆောင်နိုင်ခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၃ ဦးကို သုတ်သင်နိုင်ခဲ့ကာ (၂၆၃)ဦးထိခိုက် ဒဏ်ရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း နှင့် ၎င်းတို့ဘက်မှ နှစ်ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း Palaw –KPDF က ပြောသည်။



















