Home သတင်း မိုးတွင်းကာလအတွင်း ရေတံခွန်နှင့် တောင်ကျချောင်းအနီး မသွားကြရန် လောင်းလုံး PDF မေတ္တာရပ်ခံ

မိုးတွင်းကာလအတွင်း ရေတံခွန်နှင့် တောင်ကျချောင်းအနီး မသွားကြရန် လောင်းလုံး PDF မေတ္တာရပ်ခံ

884
Photo-Crd

ဇူလိုင်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ရေတံခွန်များနှင့်တောင်ကျချောင်းရေများ ကို ယခု မိုးရာသီကာလအတွင်း မသွားလာကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိုးရာသီကာလအတွင်း သဘာဝအတိုင်းလှပလျက်ရှိသော ရေတံခွန်များ နှင့်တောင် ကျချောင်းရေများ အနီးရှိနေရာများတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင် စီ လက်အောက်ခံ အရပ်သားလက်နက်ကိုင် ပျူစောထီးတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲများ ဖြစ်ပေါ်လာပါက ပြည်သူများထိခိုက်မှုမရှိစေရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။

လောင်းလုံးမြို့နယ်ပြည်သု့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ပြီးခဲ့တဲ့ တစ်ပတ်အတွင်း လောင်းလုံးမြို့နယ်ထဲ စစ်ဆင်ရေး(၃)ခု ပြုလုပ်ထားပါတယ်ခင်ဗျာ။ စစ်ဆင်ရေး စိပ်လာတာနဲ့အမျှ စကစ ဘက်က ထောက်လှမ်းရေးတွေ ပျူစောထီးတွေလည်း ပြည်သူတွေကြားသွားလာနေပါတယ်။ အဲ့ဒါကြောင့် ထိပ်တိုက် တွေ့ဆုံတဲ့အခါ ပြည်သူတွေထိခိုက်မိမှာစိုးလို့ မေတ္တာရပ်ခံစာ ထုတ်တာပါ။”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် မိုးရာသီကလည်း မြို့နယ်အတွင်းရှိရေတံခွန်များနှင့်တောင်ကျချောင်းရေများ အနီးတွင် လူစည်ကားလျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင် လာနိုင် သောကြောင့် မသွားလာကြရန်လောင်းလုံးမြို့နယ် PDF က ထုတ်ပြန်ထားသေးကြောင်း သိရသည်။