Home သတင်း ကော့ကရိတ်မြို့ပြင် ဘေးပတ်လည်ကျေးရွာများထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် နေ့စဉ်ပစ်ခတ်နေ

ကော့ကရိတ်မြို့ပြင် ဘေးပတ်လည်ကျေးရွာများထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် နေ့စဉ်ပစ်ခတ်နေ

858

မေလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အပြင်ဘက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ် နယ်မြေထဲရှိ လူထုများနေထိုင်သည့်ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့်နေ့စဉ်ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မေလ ၂၇ရက်၊ နေ့လည်အချိန်တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကော့က ရိတ် တောင်ပိုင်းရှိ ကြာအင်းကုန်းကျေးရွာတွင် လူနေတစ်လုံးနှင့်ကားတစ်စီးထိခိုက်ပျက်စီးခဲ့သလို ကော့က ရိတ်မြို့ အနောက်ဘက်ရှိ သလွဲထော်ကျေးရွာတွင်လည်း နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ကော့ကရိတ်မြို့တောင်ပိုင်းရှိ ဒေသခံတစ်ဦးက “ ရွာထဲကို နေ့တိုင်းပဲပစ်တယ်။ နေ့မဟုတ်ရင်ညပစ်တယ်။ တစ်ခါတစ်လေ နေအိမ်တွေ လူတွေ၊ ပြီးတော့ အိမ်မွေးတိရစ္ဆာန်တွေ ထိတယ်။ တစ်ခါတစ်လေလက်နက်ကြီးက အဝေးကြီးမှာကျတယ် တစ်ခါတစ်လေ မြို့နဲ့နီးတဲ့ရွာမှာကျတယ်။ အဲဒီလက်နက်ကြီးကြောင့် နေရထိုင်ရတာ စိတ်မလုံခြုံဘူး။ တချို့ရက်ဆိုရင် ၄ လုံး ၅လုံး၊ တချို့ရက်တွေဆိုရင် ၁၀ လုံးလောက်ရှိတယ်။ လက်နက်ကြီး ကြားမှာဝမ်းရေးအတွက် လူထုတွေကတော့ ကြောက်ပေမယ့်လည်း ရုန်းကန်နေရတယ်”ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သည့် စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့အနီးရှိ ခမရ(ခြေမြန် တပ်ရင်း)-၉၇နှင့် စကခ-၁၂ လက်အောက်ခံ ခမရ (၂၃၁) တပ်ရင်းတို့ဖြစ်ပြီး လူထုများနေထိုင်ရာ ကျေးရွာ များထဲသို့ လက်နက်ကြီးများနှင့် ပစ်မှတ်ထားပစ်ခတ်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်တွင် ပြောဆိုထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် မကြာခဏပစ်ခတ်မှု လုပ်ဆောင်သဖြင့် လူထုများ လုပ်ကိုင်စား သောက်သည့် နေရာများထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ကော့ကရိတ်မြို့နယ်ထဲရှိ ရန်ကုတ်နှင့် ကြောင်လျှာကုန်း ကျေးရွာအပါအဝင် ကျေးရွာတော်တော်များမှ ဒေသခံများသည် လယ်ယာ လုပ်ငန်း စိုက်ပျိုးလုပ်ကိုင်၍ မရဲတော့ဘဲ အခြားဒေသသို့ ပြောင်းရွှေ့လယ်ယာစိုက်ပျိုးလုပ်ကိုင်နေကြရသည်ဟုလည်း ဒေသခံထံမှ သိရသည်။

ထို့အပြင် ကော့ကရိတ်မြို့ထဲဝင်လာသည့် လမ်းကြောင်းများဖြစ်သည့် ကမိုင်ကုန်းလမ်း၊ မြေနီလမ်း၊ ကျိုက်ဒုံ လမ်းနှင့် တောင်ကြာအင်းကျေးရွာရှိ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးမြို့ချင်းဆက်လမ်းကိုလည်း စစ်ကောင်စီ တပ်က ယခု မေလ ၁၃ရက်နှင့် ၁၄ရက်နေ့တွင် ကားများဖြတ်သန်းသွားလာ၍ မရရှိတော့သည်အထိ မြေတူးစက်ဖြင့် လမ်းများဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၆) ဒူးပလာယာခရိုင်၏ ထုတ်ပြန်ထားချက်အရ ပြီးခဲ့သည့် ဧပြီလတွင် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေထဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအကြိမ်ရေ (၁၈၄)ကြိမ် ပစ်ခတ်တိုက်ခိုက် သည့်အပြင် လေကြောင်းတိုက်ခိုက်မှု (၃၁)ကြိမ်အထိ လုပ်ဆောင်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုများကြောင့် ဘာသာ ရေးအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးပေးခန်းများအပြင် လူနေအိမ်ပေါင်း (၃၈၇)လုံး ထိခိုက်ပျက်စီးပြီး နေအိမ်(၁၂)လုံးမီးလောင်ပြာကျခဲ့သည်ဟု ထုတ်ပြန်ထားသည်။